Tu Maung Nyo - Changing Regime Constitution with 3 objectives




ဦးတည်ချက် ၃ ရပ်ဖြင့် “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေး
တူမောင်ညို (၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်)
           
            လွှတ်တော်ထဲတွင် “၂၀၀၈အခြေခံဥပဒေ”ပြင်ဆင်ရေးဆိုသည်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပါ။ လွှတ်တော်အမတ် “၃၉”  ဦး က ပြင်ဆင်လိုသည့် ဆန္ဒရှိယုံမျှဖြင့်လည်း ပြင်ဆင်ဖို့မဖြစ်နိုင်ပါ။ လွှတ်တော်ထဲတွင်  “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေးဆိုသည်မှာ ကြံ့ဖွံ့ ပါတီနှင့် ဗိုလ်မင်းအောင်လှိုင်၏စစ်သားအမတ်တွေ (ဦးဝင်းတင် စကားနဲ့ပြောရလျှင်“မရွေးအမတ်”တွေ) လက်ထဲမှာရှိနေသည့်အရာဖြစ် သည်။  
            မည်သူမဆို/မည်သည့်ပါတီမဆို “၂၀၀၈အခြေခံဥပဒေ”ကို အခြေခံကျကျပြင်ဆင်မည်ဟုဆိုလျှင် ကြံ့ဖွံ့ပါတီနဲ့ အခြေခံကျကျ ထိပ်တိုက်တွေ့ရလိမ့်မည်။ ဗိုလ်မင်းအောင်လှိုင်နှင့်လည်း အခြေခံကျကျထိပ်တိုက်တွေ့ရလိမ့်မည်။ ထိထိမိမိပြင်ဆင်မည်ဆိုလျှင်ပီပီပြင်ပြင် ထိပ်တိုက်တွေ့ကြရလိမ့်မည်။   မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်။
           
            “၂၀၀၈အခြေခံဥပဒေ”ကို ပြင်ဆင်သည့်အခါ အောက်ပါဦးတည်ချက် ၃ ရပ်ကို ဖြစ်မြောက် အောင်မြင်စေရလိမ့်မည်။  

            ၁။ လွှတ်တော်များကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရမည်၊ လွှတ်တော်ကိုယ်စားလှယ်မှန်သမျှကို သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ပြည်သူများက ဆန္ဒမဲပေး ရွေးချယ်ထားသူများသာဖြစ်ရမည်။ သမ္မတ၊ဒုတိယသမ္မတအပါအဝင် အစိုးရအဖွဲ့ ကို  လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရမည်။
            ၂။ တိုင်းရင်းသားလူမျိုးစုများ၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တကယ်တန်း အာမခံနိုင်သော(ဖက်ဒရယ်) ပြည်ထောင်စု စစ်စစ်ဖွဲ့စည်းကြရမည်။
            ၃။ လွှတ်တော်များတွင်ရှိသော“ စစ်သားအမတ်၂၅%” ကို ဖယ်ရှားရမည်။ စစ်တပ်သည် အစိုးရအဖွဲ့၏ဝန်ကြီးဌာနများ အနက် ဝန်ကြီးဌာနတစ်ခုဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင် သာရှိရမည်။

ဖေါ်ပြပါ အချက် ၃ ချက်မပါဝင်သော ပြင်ဆင်ရေးသည် မည်ကာမတ္တပြင်ဆင်ရေး၊ အပေါ်ယံသနပ်ခါးလိမ်းသည့် ပြင်ဆင်ရေး၊ အတုအယောင်ပြင်ဆင်ရေးမျှသာလျှင်ဖြစ်ပေလိမ့်မည်။
            ယခုအခါ “၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး”၊ “ ပြင်ဆင်ရေး” ဆိုသည်ကို ကြံ့ဖွံ့ပါတီအမတ်များက ပြောလာကြပြီ။ သူတို့ပြောသည့် သုံးသပ်/ပြင်ဆင်ရေးဆိုသည်မှာ အဘယ်နည်း။
            သူတို့ပြောသည့် သုံးသပ်/ပြင်ဆင်ရေးကို သိလိုလျှင် “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥပဒေပြင်ဆင်မှု” ကို ကြည့်လျှင် သူတို့သဘော၊ သူတို့ဆန္ဒနှင့် သူတို့၏ လုပ်နည်းကိုင်နည်းကို ရှင်းလင်းစွာသိနိုင်သည်။
            သူတို့သည် သူတို့လိုအပ်သည့်ပြင်ဆင်မှုကို ပြုလုပ်လိုသည့်အခါတွင် သူတို့စိတ်ကြိုက်ရေးဆွဲပြီး အတင်းအဓမ္မ အတည်ပြုခဲ့ သော “၂၀၀၈ အခြေခံဥပဒေ” ပါ ပြဋ္ဌာန်းချက်များကိုပင် သွေဖီချိုးဖောက်ရန်ဝန်မလေးသူများ၊ လက်မရွံ့သူများဖြစ်သည်။
            လတ်တလော ပြင်ဆင်ဖွဲ့စည်းခဲ့သောခုံရုံးအဖွဲ့ (ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်းအပါအဝင် ၉ ဦး) နှင့် ခုံရုံးဥပဒေပြင်ဆင်ချက် (၂၀၁၃ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄ ) တို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၉၈ ၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်ကို သွေဖီချိုး ဖောက်၍ ဖွဲ့စည်း/ပြင်ဆင်ထားခြင်းဖြစ်သည်။
 သို့အတွက် ယခုဖွဲ့စည်းပေးခဲ့သော ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်းအပါအဝင် ၉ ဦးသည် ၄င်းတို့ကို ဖွဲ့စည်းပေးခဲ့မှုနှင့် ခုံရုံးဥပဒေပြင်ဆင်မှုသည် တည်ဆဲဥပဒေတစ်ခုဖြစ်သော၊ တည်ဆဲဥပဒေအားလုံး၏ (Parent law) ဖြစ်သည်ဟုဆိုသော “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ” နှင့် ညီညွတ်ခြင်းရှိ/မရှိ စိစစ်နိုင်မည်လော။ ခုံရုံးဥက္ကဋ္ဌသစ်ဦးမြသိန်းအပါအဝင် ၉ ဦးသည် (ဗိုလ်) ဦးရွှေမန်း စိတ်ကြိုက် ရွေးထား သူများသာဖြစ်သဖြင့် “ခုံရုံးဖွဲ့စည်းမှုနှင့်ခုံရုံးဥပဒေပြင်ဆင်မှု” ကို“၂၀၀၈အခြေခံဥပဒေနှင့် ညီညွတ်ပါသည်” ဟုသာ စိစစ်ဖွင့်ဆိုကြရပေလိမ့် မည်။ မညီညွတ်ပါဟု စိစစ်ဖွင့်ဆိုခဲ့မည်ဆိုလျှင် “ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး အပါအဝင် ၉ ဦး” တို့ သွားရာလမ်းသို့ မြန်းကြရပေလိမ့်မည်။
ဤသည်မှာ “၂၀၀၈ အခြေခံဥပဒေ”၏ သန္ဓေပါ အကြပ်အတည်းတွေထဲက တစ်ခုဖြစ်သည်။
မည်သူမဆို/မည်သည့် ပါတီမဆို “၂၀၀၈ အခြေခံဥပဒေ”ကိုပြင်ဆင်မည်ဆိုလျှင် ၂၀၀၈အခြေခံဥပဒေ၊ အခန်း(၁) “နိုင်ငံတော် အခြေခံမူများ” အခန်းရှိ ပုဒ်မအားလုံး( ၄၈ ခုရှိသည်)ကို အခြေခံကျကျပြင်ဆင်ရလိမ့်မည်။ ယင်းသို့ ပြင်ဆင်ရာတွင် ဆောင်းပါး အစ၌ တင်ပြခဲ့သော ဦးတည်ချက် ၃ ရပ်ကို ဖြစ်မြောက်အောင်မြင်စေရပေလိမ့်မည်။ သို့မှသာ အခြေခံကျကျပြင်ဆင်ရေးဟု ခေါ်ဆိုနိုင်ပေလိမ့် မည်။
“အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်တပ်က ပါဝင်ထမ်းဆောင်ရေး” ဆိုသည်မှာ စစ်အုပ်စုက “နိုင်ငံရေးပါတီ များနှင့် နိုင်ငံရေးသမားများအပေါ် ထာဝစဉ်ဗိုလ်ကျနိုင်ရေးနှင့် ချုပ်ကိုင်ချယ်လှယ်နိုင်ရေးသာလျှင်ဖြစ်သည်။
 ၂၀၀၈အခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတို့သည် စစ်အုပ်စုက နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးသမားများအပေါ် ထာဝစဉ်ဗိုလ်ကျနိုင်ရေးနှင့် ချုပ်ကိုင်ချယ်လှယ်နိုင်ရေးအတွက် ယန္တယားနှင့် အစီအမံများသာဖြစ် ပေသည်။
ထိုသို့သောယန္တယားနှင့်အစီအမံများရှိနေသ၍စစ်မှန်ပြည့်ဝသောဒီမိုကရေစီနှင့်စစ်မှန်သော ပြည်ထောင်စု ဆိုသည်မှာ အမည်ခံ သက်သက်၊ အတုအယောင်သက်သက်မျှသာဖြစ်နေပေလိမ့်ဦးမည်။
“၂၀၀၈ အခြေခံဥပဒေ”ကို တကယ်တန်းပြင်ဆင်လိုလျှင် လွှတ်တော်ပြင်ပ ပြည်သူလူထုစွမ်းပကားကို အခြေခံကျကျ စည်းရုံး ပြင်ဆင်ရလိမ့်မည်။

ညွန်း

-  ၂၀၀၈ အခြေခံဥပဒေ
-  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ မြန်မာ့အလင်းသတင်းစာ ၊ စာမျက်နှာ ၃
- မြန်မာ့အလင်းသတင်းစာ ၂၆ ဖေဖေါ်ဝါရီ ၂၀၁၃

Comments