Aung Din - Articles


မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့်  - အပိုင်း (၁၆)
အောင်ဒင်
ဧပြီ ၉၊ ၂၀၁၃

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၀၊ ဧပြီ ၄ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)

● လွှတ်တော်နှင့် ငြိမ်းချမ်းရေး (က)
ပြည်ထောင်စုလွှတ်တော်ကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရေးအတွက် ကော်မရှင် သို့မဟုတ် ကော်မီတီများဖွဲ့စည်းရေးအဆိုကို မတ်လ ၂၀ရက်နေ့က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်၊ ဘယ်လိုဖွဲ့စည်းသင့်တယ်၊ ဘယ်သူတွေပါသင့်တယ်၊ ဘာတာဝန်တွေယူပြီး ဘယ်လောက်သက်တမ်းရှိသင့်တယ်၊ ဘယ်လိုလုပ်ပိုင်ခွင့်တွေရှိသင့်တယ် ဆိုတာတွေကို ဇွန်လ ၂၅ရက်နေ့မတိုင်မီ လွှတ်တော်ညွှန်ကြားရေးမှူးချုပ်ထံ အကြံပြုစာတွေ ပေးပို့ကြဖို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားခဲ့ပါတယ်၊ ဒီတော့ လွှတ်တော်အစည်းအဝေးတွေပြန်စပြီးနောက် ဇူလိုင်လ ၊ ဩဂုတ်လတွေလောက်အတွင်းမှာ အဆိုပါ ကော်မီတီ၊ ကော်မရှင်တွေပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်၊ ဒီသတင်းကို ကြားရသူအများစုက အံ့ဩဝမ်းသာကြိုဆိုကြပါတယ်၊ အံ့ဩဝမ်းသာရတာက “ ပြင်ဆင်လို့ရလိမ့်မယ်လို့ မျှော်လင့်မထားတဲ့” ၂၀၀၈ဖွဲ့စည်းပုံကို “ ပြင်ဆင်ဖို့သဘောတူမှာမဟုတ်ဘူးလို့” ယုံကြည်ထားကြတဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များက “ပြင်ဆင်ဖို့သင့်မသင့် သုံးသပ်လေ့လာသင့်ကြောင်း” အဆိုပြုတာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ နဲ့ တပ်မတော်ကိုယ်စားလှယ်များရဲ့ ထောက်ခံမှုနဲ့ အတည်ပြုလိုက်တာဖြစ်လို့ပါ၊

ကျနော်ကတော့ သံသယနဲ့ စောင့်ကြည့်နေသူပါလို့ ဝန်ခံပါရစေ၊ မတ်လ ၁၅ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းသူ ကြံ့ခိုင်ရေးပါတီ ဒု-ဥက္ကဋ္ဌ၊ ဝက်လက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် ရဲ့ အဆိုတင်သွင်းရာမှာရော၊ ထောက်ခံသူ မြစ်ကြီးနားမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ရဲ့ ထောက်ခံချက်မှာရော၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ဖြည့်စွက်ပြောကြားချက်တွေမှာရော ၂၀၀၈ဖွဲ့စည်းပုံကို ၁၉၄၇ဖွဲ့စည်းပုံ၊ ၁၉၇၄ဖွဲ့စည်းပုံများနဲ့ နှိုင်းယှဉ်ပြီး” နိုင်ငံအတွက်အကျိုးရှိတဲ့ အကောင်းဆုံးဖွဲ့စည်းပုံ၊ ပြည်သူလူထု ၉၂ ဒဿမ ၄၈ ရာခိုင်နှုံးထောက်ခံအတည်ပြုထားတဲ့ ဖွဲ့စည်းပုံ၊ အချုပ်အချာအာဏာပိုင်မှုနှင့်လွတ်လပ်ရေးကို ဦးစားပေးထားသည့်အပြင် ပြည်သူများနှင့်ပြည်ထောင်စုအရေးကို ဦးထိပ်ပန်ဆင်ထားသည့်ဖွဲ့စည်းပုံ၊ အာဏာသုံးရပ်ကို ပိုင်းခြားတာဝန်ပေးပြီး အပြန်အလှန်ထိန်းကျောင်းသည့်စံနစ်နှင့် ဒီမိုကရေစီပိုင်ခွင့်အပြည့်အဝပေးထားသည့် ဖွဲ့စည်းပုံ၊” စသဖြင့် အမွှန်းတင်သွားကြတာ ကြားလိုက်ရပါတယ်၊ ဒီတော့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များက သူတို့ကိုယ်တိုင်ရေးဆွဲခဲ့ပြီး သူတို့ကိုယ်တိုင် အကြိမ်ကြိမ်အကောင်းဆုံးလို့ချီးမွန်းထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်သင့်မပြင်သင့် လေ့လာသုံးသပ်မယ်ဆိုတာဟာ ပြည်သူလူထုနဲ့ တိုင်းရင်းသားလူနည်းစုများ မျှော်လင့်ကြသလို “စစ်မှန်သောဒီမိုကရေစီ နဲ့ အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝအာမခံချက်ပေးမည့်၊ လွတ်လပ်မျှတသောတရားစီရင်ရေးစံနစ်နဲ့ တရားဥပဒေစိုးမိုးရေးကို အခိုင်အမာတည်ဆောက်မည့်၊ တိုင်းရင်းသားလူမျိုးများအတွက် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့်များကို ဆောင်ကျဉ်းပေးမည့်” ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ပြောင်းလဲနိုင်ပါ့မလားဆိုတာ သံသယဖြစ်နေဆဲပါ၊ 

လူထုရဲ့မျှော်လင့်ချက်နဲ့ ဝေးကွာပြီး ရှေ့မှာ လက်ရှိဖွဲ့စည်းပုံနဲ့ မကိုက်ညီပဲ အတည်ပြုခဲ့တဲ့ ဥပဒေတွေ တရားဝင်အောင်ဖွဲ့စည်းပုံကိုပြင်မှာ လား၊ လွှတ်တော်က နိုင်ငံတော်သမ္မတနဲ့ တရားစီရင်ရေးစံနစ်အပေါ် ပိုပြီးထိန်းချုပ်နိုင်အောင် လွှတ်တော်ကို အာဏာပိုပေးမည့် ပြင်ဆင်မှုတွေ လုပ်မှာလားလို့လဲ စိုးရိမ်မိပါတယ်၊

● နိုင်ငံတော်သမ္မတရဲ့နောက်မှာ လွှတ်တော်ရှိမရှိ
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကိုလေ့လာပြီး (ကျနော်အပါအဝင်) နိုင်ငံတကာကအကဲခတ်သူတွေ တညီတညွတ်တည်းပြောလေ့ရှိတဲ့ မှတ်ချက်တစ်ခုရှိပါတယ်၊ အဲဒါက “အပြောင်းအလဲတွေအားလုံးလိုလိုဟာ သမ္မတရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်တွေ (Personal Initiative) သာဖြစ်ပြီး လွှတ်တော်ရဲ့ ဥပဒေပြဋ္ဌန်းကျောထောက်နောက်ခံပြုမှု (Legislative Support) မရှိဘူး” လို့ပါ၊ 
ဒါကြောင့်လဲ မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေဟာ စိတ်ချခိုင်မာမှု (Institutionalize) မရှိဘူး၊ အချိန်မရွေးနောက်ကြောင်းပြန်လှည့်နိုင်တယ်၊ ဒါမှမဟုတ် ရှေ့လဲမတိုး၊ နောက်လဲမဆုတ်ပဲ ဒီအခြေအနေမှာတင်တန့်နေနိုင်တယ် (Permanent Transition) လို့ သုံးသပ်ကြတာပါ၊ 

ဥပမာအနေနဲ့ ပြောရရင် (၁) သမ္မတက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့တယ်၊ ဖွဲ့တာ နှစ်နှစ်ပြည့်ပြီ၊ အခုအချိန်အထိ လွှတ်တော်က ဥပဒေပြဋ္ဌန်းပြီး အဲဒီကော်မရှင်ကို ခိုင်မာအားကောင်းအောင်လုပ်မပေးဘူး၊ လူ့အခွင့်အရေးကော်မရှင်အတွက် သမ္မတတင်သွင်းတဲ့ ဘတ်ဂျက်ကိုတောင် ဖြတ်ချပစ်ခဲ့တယ်၊ (၂) သမ္မတက နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်ပြီး သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာနဲ့ လွှတ်ပေးနေချိန်မှာ လွှတ်တော်က နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်ဥပဒေ ပြဋ္ဌန်းခြင်းမရှိဘူး၊ (၃) တရားဥပဒေစိုးမိုးရေးလို့ ပြောနေပြီး စစ်အစိုးရအဆက်ဆက်က လူထုအခွင့်အရေးကို ချိုးနှိမ်ဖို့တီထွင်ဖန်တီးခဲ့တဲ့ ဥပဒေတွေကို အခုအချိန်အထိ လွှတ်တော်က မဖျက်သိမ်းသေးဘူး၊ (၄) သမ္မတက ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရေးကို သူ့သက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားတယ်၊ ဒါပေမည့် လွှတ်တော်က ဥပဒေပြဋ္ဌန်းပြီး ဒီစီမံကိန်းရဲ့ တရားဝင်မှုကို စုံစမ်းစစ်ဆေးတာ၊ အပြီးတိုင်ဖျက်သိမ်းဖို့ဆောင်ရွက်တာ မရှိဘူး၊ စသဖြင့်ပေါ့၊

အခြားဥပမာတစ်ခုကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပါတ်သက်လို့ပါ၊ ဦးသိန်းစိန်အစိုးရတက်ပြီးချိန်မှာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း ၆၀ ကျော်ပြီဆိုတာဝန်ခံတယ်၊ ပြည်တွင်းစစ်ဖြစ်နေသ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ ဒီမိုကရေစီရေးတွေ အပြည့်အဝမဖြစ်နိုင်ဘူးလို့ ဝန်ခံတယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ တိုက်နေတဲ့ စစ်ပွဲတွေရပ်ရမယ်၊ ဒေသဖွံ့ဖြိုးရေးတွေလုပ်ရမယ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံရေးအရဆွေးနွေးရမယ်၊ တိုင်းရင်းသားလူမျိုးစုများနှစ်ပေါင်းများစွာတောင်းဆိုနေတဲ့ တန်းတူညီမျှမှုအခွင့်အရေးတွေပေးရမယ် ဆိုတဲ့ နားလည်မှုတွေနဲ့ သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို ငြိမ်းချမ်းရေးကမ်းလှမ်းတယ်၊ ဒါတွေဟာ ဝမ်းသာစရာပါ၊ နှစ်ပေါင်းများစွာ အစိုင်အခဲကြီးကြီးတည်ရှိခဲ့တဲ့ မကျေနပ်မှုတွေကို ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းနိုင်မယ်ဆိုရင် ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ကို၊ လူ့အသက်ပေါင်း သောင်းပေါင်းများစွာသေကျေပျက်စီးခဲ့၊ ပျက်စီးနေတဲ့ ပြည်တွင်းစစ်ကို ကျနော်တို့ ထာဝရရပ်စဲနိုင်မှာပါ၊ ဒါပေမည့်လဲ လက်ရှိအခြေအနေမှာတော့ အပစ်အခတ်ရပ်စဲရေးအဆင့်ထက်ပိုဖို့ သိပ်မမြင်ပါ၊ ဘာကြောင့်လဲဆိုတော့ သမ္မတရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုနောက်မှာ လွှတ်တော်က ဥပဒေပြဋ္ဌန်းထောက်ခံမှုမရှိလို့ပါ၊ ရှင်းပြပါမယ်၊

● လွှတ်တော်အပြည့်အဝမပါသေးတဲ့ ငြိမ်းချမ်းမှုဖော်ဆောင်ရေး
ပြည်နယ်အဆင့်ဆွေးနွေးပွဲတွေကနေ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် သမ္မတရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဆင့် ၈ ဆင့်ရှိပါတယ်၊ အဲဒီအထဲက (၁)  ပြည်ထောင်စုက ခွဲမထွက်ရေး (၂) ဒို့တာဝန်အရေးသုံးပါးလက်ခံရေး၊ (၃) စီးပွါးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဏတွေမှာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး နဲ့ (၄) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေး တွေကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက သဘောတူလက်ခံကြပါတယ်၊ ဒါပေမည့် ကျန်လေးချက်ဖြစ်တဲ့ (၅) နိုင်ငံရေးပါတီများတည်ထောင်ပြီး နိုင်ငံရေးလုပ်ရေး၊ (၆) လွှတ်တော်တွင်းရောက်လျင်အခြားတိုင်းရင်းသားများနှင့်ညှိနှိုင်းပြီး အခြေခံဥပဒေပြင်ရေး၊ (၇) ဖွဲ့စည်းပုံနဲ့အညီ တစ်ခုတည်းသောလက်နက်ကိုင်တပ်မတော်ဖြစ်ရေး ညှိနှိုင်းဆောင်ရွက်ရေး နဲ့ (၈) လွှတ်တော်မှာငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ဆိုတာတွေကို တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများက လုံးဝလက်မခံပါ၊ 

သူတို့တောင်းဆိုတာက နိုင်ငံရေး ဆွေးနွေးပွဲတွေအရင်လုပ်ဖို့၊ အဲဒီလိုဆွေးနွေးရာမှာလဲ သီးခြားစီမဟုတ်ပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို တပ်ပေါင်းစုပုံသဏ္ဏန်တစ်စုတစ်စည်းထဲအနေနဲ့ ဆွေးနွေးဖို့၊ အဲဒီနိုင်ငံရေးဆွေးနွေးပွဲကရရှိလာတဲ့ သဘောတူညီချက်တွေအတိုင်း လက်ရှိလွှတ်တော်ကဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်အတည်ပြုဖို့ပါ၊ အဲဒီလိုနဲ့ သူတို့ရဲ့ တိုင်းရင်းသားအခွင့်အရေးတွေ၊ တန်းတူညီမျှမှုတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အာမခံမှသာ သူတို့ရဲ့ လက်နက်ကိုင်တပ်တွေဖျက်သိမ်းပြီး နိုင်ငံရေးပါတီတွေထောင်၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်လာကြမှာပါ၊ ဒီတော့မှပဲ ပြည်တွင်းစစ်ကြီးပြီးဆုံးမှာပါ၊

ဒီလို တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းလို သမ္မတရဲ့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီမှာ ဦးဆောင်နေကြသူတွေ ကောင်းကောင်းသိကြပါတယ်၊ ဦးအောင်မင်းကလဲ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဆွေးနွေးပွဲတွေမှာ ဒီအခွင့်အရေးတွေရရှိရပါစေ့မယ်လို့ ကတိတွေပြုနေပါတယ်၊ မနှစ်က ရန်ကုန်ကို ကရင်အမျိုးသားအစည်းအရုံးထိပ်တန်းကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးစဉ်ကဆို ဦးအောင်မင်းက “တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရရဲ့ နိုင်ငံရေးဆွေးနွေးပွဲကို လွှတ်တော်အစည်းအဝေးကြီးနဲ့ တစ်ပြိုင်တည်းကျင်းပမယ်၊ ဒီဘက်စားပွဲမှာ (နိုင်ငံရေးဆွေးနွေးပွဲမှာ) ဖြေရှင်းလို့ရတာကို ဖြေရှင်းပြီး မဖြေရှင်းနိုင်တာကို ဟိုဘက်ကစားပွဲကို (လွှတ်တော်ကို) လွှဲပို့ပြီး ဖြေရှင်းပေးမယ် (ဥပဒေပြုပေးမယ်/ပြင်ပေးမယ်) လို့တောင်ပြောခဲ့ပါတယ်၊ ဒါပေမည့် သူ့စကားကို ဘယ်သူမှ မယုံပါ၊ ဘာကြောင့်လဲဆိုတော့ ဝန်ကြီးဦးအောင်မင်းမှာရော၊ သူကိုယ်စားပြုတဲ့ သမ္မတဦးသိန်းစိန်မှာရော ၂၀၀၈ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်တဲ့ အာဏာမရှိလို့ပါ၊ ဖွဲ့စည်းပုံကို ပြင်နိုင်တဲ့အာဏာ၊ ဥပဒေပြုတဲ့ အာဏာဟာ လွှတ်တော်မှာပဲရှိပြီး လွှတ်တော်က တိုင်းရင်းသားအခွင့်အရေးတွေအတွက် ဥပဒေပြင်ပေးမည့်၊ ဥပဒေပြုမည့် ကတိကဝတ်ပြုတာမရှိလို့ပါ၊ လွှတ်တော်ရဲ့ ပါဝင်ပါတ်သက်မှုမရှိပဲ ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ပါ၊

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပါတ်သက်ပြီး လွှတ်တော်က အလေးနက်ဆုံးပြောခဲ့ဘူးတာကို ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကြားခဲ့ရပါတယ်၊ ဥက္ကဋ္ဌသူရဦးရွှေမန်းရဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဏာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျင်းတဲ့ မိန့်ခွန်းထဲမှာပါ၊ အဲဒီမှာ ဦးရွှေမန်းက “ကျနော်တို့တစ်တွေ ပြည်တွင်းငြိမ်းချမ်းရေး တကယ်လိုချင်တယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးများရရှိဖို့အတွက် တည်ဆဲဥပဒေများကို အားလုံးကလေးစားလိုက်နာရေးနှင့် တည်ငြိမ်အေးချမ်းရေးရရှိအောင်ဆောင်ရွက်ကြဖို့ လိုပါတယ်၊ ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ရန်အတွက် ဥပဒေပြုရန် လိုအပ်၊ မလိုအပ်စဉ်းစားရန်လိုပါတယ်၊ ဥပဒေအဖြစ်ပြဋ္ဌန်းရန်မလိုအပ်သေးဟုယူဆလျင်လည်း ငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်ရာမှာ ငွေကုန်ကြေးကျခံပြီးဆောင်ရွက်ရမှာဖြစ်လို့ ပြည်သူ့ငွေများမှ ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး စနစ်တကျဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါတယ်” စသဖြင့် ပြောကြားခဲ့ပါတယ်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဏာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကတော့ မတ်လ ၂၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါပြီ၊ ငြိမ်းချမ်းရေးရန်ပုံငွေ တစ်စုံတစ်ရာသတ်မှတ်တာမတွေ့ရပါ၊ ငြိမ်းချမ်းရေးရဖို့ ဥပဒေပြုမည့်အသံလဲ မကြားရတော့ပါ၊

၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့၊ တရုတ်နိုင်ငံ ရွှေလီမြို့မှာကျင်းပတဲ့ ဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီ နဲ့ ဦးဆွမ်လွတ်ဂမ်ခေါင်းဆောင်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြရာမှာ ဦးအောင်မင်းကတဆင့် သမ္မတဦးသိန်းစိန်က ကချင်ခေါင်းဆောင်များထံပေးပို့တဲ့ သဝဏ်လွှာမှာလဲ သမ္မတဦးသိန်းစိန်က “ပြည်ထောင်စုကြီးတစ်ခုလုံး ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေး၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်များကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ကျနော့်အနေနဲ့ ရိုးသားစွာယုံကြည်ပါတယ်၊ ယခုစတင်ပြုလုပ်မည့် ဆွေးနွေးပွဲများအောင်မြင်ပါစေကြောင်း ဆန္ဒပြုပါတယ်၊ ကျနော်တို့ အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူလူထုသို့ အကြိမ်ကြိမ်အသိပေး တင်ပြထားပြီးဖြစ်ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်၊ ဒါဟာဖြင့် သူကိုယ်တိုင်အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၈ ချက်ထဲက ပါတီထောင်၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်မှ နိုင်ငံရေးဆွေးနွေးကြ ဆိုတာကို ပယ်ဖျက်ပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဖို့ သဘောတူတာဖြစ်လို့ အရေးကြီးတဲ့ တိုးတက်မှုတစ်ရပ်ပါပဲ၊ ဒါပေမည့်လဲ နိုင်ငံရေးဆွေးနွေးပွဲက ရရှိလာမည့် ရလာဒ်တွေ၊ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်တဲ့ အာဏာရှိတဲ့ လွှတ်တော်အပေါ်မှာ လုံးဝတည်မှီနေတာမို့ သမ္မတရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ လွှတ်တော်က အပြည့်အဝမပါဝင်ရင်ဖြင့် ကျနော်တို့နိုင်ငံဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဦးမှာပါ၊

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာကို ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ဝတ်စုံဝတ်ပြီး ဒုံးယိမ်းကပြရုံနဲ့၊ ကချင်ပြည်နယ်နေ့မှာ ကချင်ဝတ်စုံဝတ်ပြရုံနဲ့၊ ချင်းအမျိုးသားနေ့မှာ ချင်းလိုဝတ်ပြီး ခေါင်ရည်သောက်ပြရုံနဲ့ မရရှိနိုင်ပါ၊

ဆက်ရေးပါဦးမယ်၊
လေးစားစွာ၊

အောင်ဒင်
မတ်လ ၂၅၊ ၂၀၁၃

Comments