Tu Maung Nyo -On The Verdict of LPD Commession


အပြီးသတ်အစီရင်ခံစာနှင့်ပတ်သက်၍
တူမောင်ညို။ (၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်)
လက်ပံတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်၏ “အပြီးသတ်အစီရင်စာ” (၁၁ - ၃ - ၂၀၁၃) ထွက်လာခဲ့ပြီ။
            အစီရင်ခံစာ၏ အနှစ်ချုပ်သဘောကတော့ “လက်ပံတောင်းကြေးနီစီမံကိန်း” ဆက်လက်ဆောင်ရွက်ရန် မီးစိမ်းပြ လိုက်ခြင်း ပင်ဖြစ်သည်။ လက်ဝါးကြီးအုပ်စစ်ခရိုနီကုမ္ပဏီ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (MEHL)ကို ပြတ်ပြတ်သားသား မင်္ဂလာရေစင်သွန်း၍ ချီးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။
ထို့အပြင် “လက်ပံတောင်းကြေးနီစီမံကိန်း”လုံးဝဖျက်သိမ်းရေးဆန္ဒပြနေသူများကို ဖြိုခွင်းရန် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ အတွက် အချက်ကောင်းရသွားခြင်းဖြစ်သည်။ တပြိုင်နက်တည်းမှာပင် လက်ပံတောင်းကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းလိုသော ဒေသခံ ပြည်သူများ၏ ဆန္ဒကိုလျစ်လျူရှုလိုက်ခြင်းလည်းဖြစ်သည်။
 “မီးခိုးဗုံး”ဟုပြောသည့်အချက်ကလည်း “မီးလောင်ဗုံး”ကြောင့် ထိခိုက်ခံခဲ့ကြရသူများအသည်းကို ကျွဲခတ်ခံရသည့်နှယ် ဖြစ်ရ သည်။   
ယခုဆိုလျှင် “လက်ပံတောင်းကြေးနီစီမံကိန်း” လုံးဝဖျက်သိမ်းလိုသူများနှင့်ဆက်လက်လုပ်ဆောင်လိုသူတို့ ထိပ်တိုက်တွေ့ကြ ဖို့ ပိုပြီး၍ နီးစပ်သွားပြီ။
            တိုင်းရင်းသားပြည်သူများသည် သူတို့၏ လွတ်လပ်ရေးဗိသုကာကြီး/တပ်မတော်ဖခင်ကြီး၏ တစ်ဦးတည်းသောသမီးကလေး အပေါ် မေတ္တာသက်ဝင်ချစ်ခင်ကြသည်။လေးစားကြသည်။ အလွန့်အလွန် မျှော်လင့်အားကိုးတကြီးရှိလှသည်။
ပြည်သူများသည် ရခိုင်ပြည်နယ်အတွင်း သွေးထွက်သံယိုဖြစ်ရပ်များ၊ ကချင်ပြည်နယ်အတွင်းစစ်ပွဲများ၊ လက်ပံတောင်းအရေး အခင်းမီးလောင်ဗုံးဖြင့်အကြမ်းဖက်ဖြိုခွဲမှု၊ နောက်ဆုံး မအူပင်မြို့နယ်၊ ပလောင်ကျေးရွာ လယ်သမားများပဋိပက္ခအထိ ဖြစ်ရပ်များ အပေါ် တုန့်ပြန်ခဲ့သော ဒီမိုကရေစီခေါင်းဆောင်၏ရပ်တည်ချက်နှင့်အေးစက်သော သဘောထားအပေါ် စိတ်ကွက်ခဲ့ကြသည်။ အားမလိုအားမရ ဖြစ်ခဲ့ကြရသည်။
ယခု “အပြီးသတ်အစီရင်ခံစာ” ထွက်လာသည့်အခါ ပြည်သူများသည် ဒီမိုကရေစီခေါင်းဆောင်အပေါ် စိတ်ကွက်နေရာမှာ စိတ်ပျက်သွားကြသည်အထိ လေသံများကိုပို၍ ကျယ်ကျယ်လောင်လောင် ကြားသိလာရပါသည်။ မည်သို့ပင်ဆိုစေကာမူ “အပြီးသတ် အစီရင်ခံစာ” ကို လုံးဝလက်မခံထုတ်ဖေါ်ပြောကြားနေကြသည်။
ဤနေရာတွင် DESERT ISLAND DISCS တွင် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားအပေါ်  ဒီချုပ်နာယကကြီး ဦးဝင်းတင် ၏ မှတ်ချက်ကို  ကိုးကားချင်ပါသည်။
 “ဒေါ်အောင်ဆန်းစုကြည်ကအမြဲတန်း တပ်မတော်ကို အလွန်ကို ကြင်နာတဲ့စိတ် ၊ အလွန်ကို သံယောဇဉ်ရှိတဲ့စိတ် ၊ အလွန် ကို ခင်မင်ရင်းနှီးတဲ့ စိတ်နဲ့ အမြဲတန်းချဉ်းကပ်တယ်။ မေတ္တာစေတနာနဲ့ချဉ်းကပ်တယ်။ သို့သော် လူထုကြားထဲမှာတော့ တခါတလေ ကျတော့(စစ်) တပ်နဲ့ပတ်သက်လို့ ဒီလို စေတနာမျိုးတွေက တခါတလေကျတော့ လျော့ပါးနေတုန်း ပဲရှိ သေးတယ်။ ဆိုပါတော့ ကချင် တို့ ဘာတို့မှာ ဖြစ်နေတဲ့ အနေအထားမျိုးတွေက ဒါတွေကသက်သေပါပဲ လို့ကျနော်တို့ ပြောချင်တယ်။   အဲဒီတော့ လူထုနဲ့ကင်းကွာတဲ့ စိတ်ထားရှိတဲ့ အခါကျတော့ တခါတလေဒေါ်အောင်ဆန်းစုကြည်ရဲ့ ခံစားချက် ဒေါ်အောင်ဆန်းစုကြည်ရဲ့နှလုံးသား ခံစားချက်နဲ့ လူထုရဲ့ နှလုံးသား ခံစားချက်ဟာ တခါတလေကျတော့ နဲနဲအလှမ်းလေးကွာတဲ့ဟာမျိုးတွေဖြစ်နေမယ်”

တစ်ဦးမေတ္တာတစ်ဦးမှာဆိုသကဲ့သို့ မေတ္တာသည်ရောင်ပြန်ဟပ်စမြဲဟုလည်းပြောကြ ရိုးရှိသည် မဟုတ်လော။ ဒေါ်အောင်ဆန်း စုကြည်၏နှလုံးသားခံစားချက်နှင့် လူထု၏နှလုံးသားခံစားချက်ခြားနား၊ကွာဝေးသွားပြီဆိုသည့်အချက်မှာ ယခုထွက်လာသည့် “အပြီးသတ် အစီရင်ခံစာ”တွင် အလွန်ထင်ရှားနေပါသည်။

ဤသို့ဖြင့် လက်တွေ့ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ဒီမိုကရေစီခေါင်းဆောင်နှင့် ဒီချုပ်ပါတီ၏ အေးစက်သောအရေးယူဆောင်ရွက် မှုများ /ဒေသခံပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ဆန္ဒနှင့်၊ နှလုံးသားနှင့် ခြားနား၊ ဝေးကွာသွားစေသည့် အကြောင်းအချက်များ က ဒီချုပ်ပါတီ၏ “၂၀၁၅ ရွေးကောက်ပွဲ”မျှော်မှန်းချက်များကို မုချထိခိုက်စေပါလိမ့်မည်။

ညွန်း
- ဦးဝင်းတင်နှင့်အင်တာဗျူး - ဘီဘီစီ (ညပိုင်းအစီအစဉ်) ၂၇ ဇန်နဝါရီ ၂၀၁၃

Comments

ကိုစိုး said…
လူထုဆန္ဒ ဆိုတာ ဘယ်သူ. ဆန္ဒလဲဗျ။ ခင်များက မကြိုက်ဘူး၊ ကျုပ်က ဒီ အစီရင်ခံစာကို ကြိုက်တယ် ဗျာ။ အဲတော့ ခင်ဗျားပြောတဲ့ လူထုဆန္ဒဆိုတာကြီးက ခင်းဗျား ဆန္ဒဘဲ ဗျ။ ကျုပ်တို. ဆန္ဒမှ မဟုတ်ဘဲ။