Tu Maung Nyo - Change 2008 in disciplined way


“၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးမြင်းရိုင်း”ကို ဇောင်းထဲသွင်း ဇက်ခွံ့လိုက်သည့် “အရေးကြီးအဆို”
တူမောင်ညို (၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်)

ယခုအခါ ကြံ့ဖွံ့အမတ်များက “၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရေးလှုပ်ရှားမှုကို ထားမြစ်ချုပ်ကိုင်နိုင်မည့် အဆိုတစ်ခုကို ပြည်သူ့ လွှတ်တော်တွင် တင်သွင်းအတည်ပြုခဲ့ပြီဖြစ်သည်။
မတ်လ ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းအတည်ပြုခဲ့သည့် သူရဦးအေးမြင့်၏ “အရေးကြီးအဆို” သည် “ဝင်- ပြင်”သမား (ဝင်-ပြင်သမား = ၂၀၀၈အခြေခံဥပဒေဘောင်ထဲဝင်ပြီး အခြေခံဥပဒေပြင်ဆင်မယ်လို့ ဆိုသူတွေ) တွေရဲ့ လှုပ်ရှားမှုမှန်သမျှ ကို တားမြစ်ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်။
 ဦးဝင်းတင် စကားနဲ့ပြောရရင် “သော့ခလောက်ကြီးတန်းလန်းနဲ့ လွှတ်တော်ထဲဝင်သွားတဲ့ ဒီချုပ်အမတ်တွေ”ကို နောက်ထပ် သော့ခလောက်တစ်လုံးနဲ့ ထပ်ပြီးခတ်လိုက်ခြင်းပင်ဖြစ်သည်။
ထို့အပြင် “တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း လိုရာဆွဲဆောင်ရွက်ခြင်းသည် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည်”ဟု ပြည်သူ့ လွှတ်တော် ၌ ပြောဆိုခဲ့သော သူရဦးအေးမြင့်၏ စကားသည် အဓိပ္ပါယ် ၂ ခု တစ်ပြိုင်ထဲ သက်ရောက်နေပါသည်။
ပထမအဓိပ္ပါယ်မှာ“၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးကြွေးကြော်နေသော ဒီချုပ် (NLD) ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) နှင့်၂၀၀၈ အခြေခံဥပဒေ” ကို ဥပဒေအသစ်ဖြင့် အစားထိုးရန် ရေးသားဟောပြောနေသော ရှေ့နေဦးကိုနီတို့ကို  တိုက် ရိုက်ခြိမ်းချောက်ပိတ်ပင်၊ တားမြစ်လိုက်သည့်သဘောပင်ဖြစ်သည်။
ဒုတိယအဓိပ္ပါယ်မှာ ၂၀၀၈ အခြေခံဥပဒေ၊ပုဒ်မ၂၀(စ)အရ “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိသည်” ဟူသော ဗိုလ်မင်းအောင်လှိုင်နှင့် စစ်တပ်ကို မျက်စပစ်ပလိုက်ခြင်း လည်းဖြစ်သည်။
တင်သွင်းအတည်ပြုလိုက်သည့်အဆိုကိုဖတ်ကြည့်လျှင်ပင် သူတို့၏ ရည်ရွယ်ချက်က ထင်းကနဲပေါ်နေသည်။ ၂၀၀၈ အခြေခံ ဥပဒေတွင်မည်သည့်ပုဒ်မများ ပြင်ဆင်ရန်လိုအပ်/မလိုအပ်၊ မည်သည့်ပုဒ်မများပြင်ဆင်ရန်လိုအပ်သည်၊ မည်သို့ပြင်ဆင်မည်၊  မည်သည့် အချိန်အခါတွင် ပြင်ဆင်မည်ဆိုသည့်လုပ်ငန်းအားလုံးကို သူတို့ဖွဲ့စည်းပေးမည့် ကော်မရှင်/ကော်မတီတွင် လေ့လာသုံးသပ်မည်ဟုအဓိပ္ပါယ် ထွက်နေသည်။ ပြင်ဆင်ရမည့် အချက်အလက်ကိုရော ပြင်ဆင်မည့် အချိန်အခါကိုပါ လက်ဦးမှုယူပြီး ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်။
ဤသို့ဖြင့် ပြင်ဆင်လိုသည့် ပါတီများနှင့် ပြင်ဆင်ရေးသားဟောပြောနေသော ပုဂ္ဂိုလ်များကို အဆိုပါ ကော်မရှင်/ကော်မတီတွင် ထည့်သွင်းဖွဲ့စည်းပေလိမ့်မည်။ သို့ဖြင့် “၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးမြင်းရိုင်း”ကို ဇောင်းထဲသွင်း၍ ဇက်ခွံ့လိုက်သည့် သဘောဖြစ် သွားပေတော့မည်။ သို့ဖြင့်ဖွဲ့စည်းပေးမည့် ကော်မရှင်/ကော်မတီသည် ကျောကုန်းပေါ်ခွထိုင်ပြီး ဇက်ကိုင်ထားသူ၏ စေရာခရီးသို့ ဒုန်းစိုင်း ဆိုလျှင်ဒုန်းစိုင်းရပြီး ၊ အသားကျပြေးဟုဆိုလျှင် အသားကျပြေး ရပေတော့မည်။
 (ဗိုလ်) ဦးသိန်းစိန် အစိုးရဖွဲ့ပေးသောကော်မရှင်/ ကော်မတီများ မည်သို့သော ကံကြမ္မာသို့ ဆိုက်ရောက်သွားတတ်သည်ကို သိရှိ လိုလျှင် လက်တွေ့ပူပူနွေးနွေး တွေ့ကြုံလိုက်ရသည့် “လက်ပံတောင်းစုံစမ်းရေးကော်မရှင်” ကိုသာ ကြည့်လျှင်သိပါလိမ့်မည်။
“၂၀၀၈အခြေခံဥပဒေ”ကို ဒီချုပ် (NLD) ၊ ရှမ်းဒီချုပ်(NLD)တို့ပြောဆိုနေသော ထိထိရောက်ရောက်ပြင်ဆင်ရေး၊ ဒီမိုကရေစီ နည်းကျသော အခြေခံဥပဒေဖြစ်အောင်ပြင်ဆင်ရေးနှင့် ရှေ့နေဦးကိုနီတို့ ဟောပြောရေးသားနေသော အခြေခံဥပဒေအသစ်ရေးပြီးအစားထိုး ရေးတို့သည် “၂၀၀၈အခြေခံဥပဒေ”ဘောင်ထဲတွင် မည်သို့မျှမဖြစ်နိုင်ချေ။
လွှတ်တော်ထဲတွင် အမတ်ဦးရေက အဆုံးအဖြတ်ဖြစ်သည်။ ထိုအဆုံးအဖြတ်သည် ကြံ့ဖွံ့ပါတီလက်ထဲမှာရှိသည်။ ဒီချုပ် ပါတီ ရရှိထားသော အမတ်အရေအတွက်သည် ကြံ့ဖွံ့ပါတီ၏အစွန်းထွက်မျှပင် မရှိချေ။ ယင်းသို့များသည့် အမတ်ဦးရေက ဆုံးဖြတ်ခြင်းကို ဒီမိုကရေစီနည်းကျသည်ဟုလည်း ပြောကြလိမ့်မည်။
သို့ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်လိုသူ/ အခြေခံဥပဒေသစ်တစ်ခု ထပ်မံရေးဆွဲပြီး အစားထိုးလိုသည့်လူပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများကို ကော်မရှင်သို့မဟုတ် ကော်မတီအောက်သို့ ဆွဲသွင်းပြီး ချုပ်ကိုင်တော့ပေမည်ဖြစ်သည်။
“ဝင်- ပြင်”သမားများ အတွက် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” က သင်ခန်းစာများစွာ၊ အတွေ့အကြုံများစွာကို တမျိုးပြီး တမျိုး မရိုးရအောင်ပေးပါလိမ့်မည်။ တပြိုင်နက်တည်းတွင် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”၏အရသာကိုလည်း အသေအချာစားသုံးရပါလိမ့် မည်။
၂၀၀၈ အခြေခံဥပဒေကိုထိထိရောက်ရောက် မပြင်ဆင်နိုင်လျှင်/ အသစ်ရေးပြီးအစားမထိုးနိုင်လျှင် အနိမ့်ဆုံးအားဖြင့် “သမ္မတ ဖြစ်ရေး” မှသည် အမြင့်ဆုံးအားဖြင့် “စစ်မှန်သော ဒီမိုကရေစီအရေးနှင့် ပြည်ထောင်စုစစ်စစ်ပေါ်ထွန်းရေး” တို့သည် ဝေးနေမြဲဝေးနေဦး မည်သာဖြစ်သည်။ 
ဒီမိုကရေစီရှေ့ခရီးကို ရဲရဲချီတက်မယ်၊ “၂၀၀၈အခြေခံဥပဒေ”ကို ပယ်ဖျက်ပြီး ဒီမိုကရေစီနည်းကျတဲ့ အခြေခံဥပဒေသစ်တစ်ခု ရေးဆွဲပြီး အစားထိုးမယ်လို့ တကယ်တန်းရည်ရွယ်ထားတယ်ဆိုရင် လွှတ်တော်ပြင်ပလူထု၊ လမ်းမပေါ်က လူထုလှုပ်ရှားကို မျက်နှာမူကြရ ပါ လိမ့်မည်။
“နောက်ကြောင်းပြန်လှည့်သွားလိမ့်မယ်”ဆိုတဲ့ တစ္ဆေကို ကြောက်နေရင်တော့ ရှေ့ဆက်တိုးစရာမရှိဘဲ၊ သူတို့ခွင့်ပြုထားတဲ့ “စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဘောင်”ထဲတွင် တဝဲဝဲတလည်လည်ဖြစ်နေကြရပါလိမ့်ဦးမည်။
(Photo – Popular News, Facebook, Thuya Aye Myint)

Comments

thet said…
တူမောင်ညိုကတော့ လုပ်ချလိုက်ပြန်ပြီ