Nyein Chan Aye - Articles


“Moral Authority”၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗမာ့နိုင်ငံရေး
ငြိမ်းချမ်းအေး
မတ်လ ၂၁၊ ၂၀၁၃



ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ရှိ ရပ်တည်ချက်၊ ဗမာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်း၊ ဖွံ့ဖြိုးတက်မှု အလားအလာ စတဲ့ ဗမာ့အရေးကိစ္စတွေ ကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အောက်စဖို့ဒ် တက္ကသိုလ် အရှေ့တောင်အာရှရေးရာ ဆွေးနွေးပွဲ အစီအစဉ် အနေနဲ့ ပညာရှင်များက ဆွေးနွေးသုံးသပ်ခဲ့ကြရာမှာ “She had lost “moral authority” by failing to be more vocal on human rights abuses.” ဆိုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ အပေါ် ဒေါ်ဆောင်ဆန်းစုကြည် အနေနဲ့ အရင်လို ခပ်မာမာရပ် အသံမထွက်တော့တာကြောင့် သူ့ရဲ့ “Moral Authority” ဆုံးရှုံးခဲ့ရတယ် လို့ သုံးသပ်ထားတာ တခုပါခဲ့တယ်။  သတင်းဌာနတခုက အဆိုပါ ဆွေးနွေးပွဲ သတင်းကို ရေးသားရာမှာ “Moral Authority” ကို “စိတ်ပိုင်းဆိုင်ရာ သြဇာညောင်းမှု” လို့ ဘာသာပြန်ထားတာလည်း သတိထားလိုက်မိတယ်။ သတင်းအနေနဲ့ ဘာသာပြန်ရတာဖြစ်လို့ လိုတိုရှင်း ချုံ့ပြန်ရတဲ့အတွက် “Moral Authority” ရဲ့ အဓိပ္ပာယ် ကို ဘာသာပြန်ချက်က တစိတ်တပိုင်းသာ ဖောင်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ “Moral Authority” အကြောင်း အကျယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြစ်ပေါ်လာခဲ့တဲ့ နောက်ခံ၊ လက်ရှိ အခြေအနေ၊ အနာဂတ် နဲ့ ဗမာ့နိုင်ငံရေးဓလေ့ကို ဆွေးနွေးချင်ပါတယ်။


ပထမဦးဆုံး အနေနဲ့ “Moral Authority” ကို အတို ဘာသာပြန်ရရင် “ကျင့်ဝတ် ပိုင်းဆိုင်ရာ စံနမူနာပြု ဦးဆောင် လမ်းပြ၊ လွှမ်းမိုး ချုပ်ကိုင်၊ သြဇာညောင်းနိုင်မှု” လို့ စာရေးသူအနေနဲ့ ဆိုပါမယ်။  အဓိပ္ပာယ်ကို အကျယ် အနက်ဖွင့်ရင် ၀ိဇ္ဇာ (ပညာ) နဲ့ စာရဏ (အကျင့်) ကို ထပ်တူပြု သိမြင် ကျင့်ကြံ စံပြ လုပ်ဆောင်နိုင်မှုကနေ သီလ၊ သမာဓိ၊ စာရိတ္တ၊ ကျင့်ဝတ် ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ ဖော်ထုတ်နိုင်၊ လူသားတွေအပေါ် ရှေ့ဆောင် လမ်းညွှန် သင်ပြနိုင်၊ လူသားတွေအတွက် စိတ္တ အာဟာရ ခွန်အားကို ဖြည့်စွက်နိုင်ကာ လူသားတွေက ပြန်လည် စံနမူနာပြု လိုက်လံ အတုယူ၊ ရိုသေ၊ မြတ်နိုး၊ ကိုးစားမှု ခံယူရခြင်းနဲ့အတူ လူသားတွေအပေါ် လွှမ်းမိုးနိုင်မှု သြဇာ ဖြစ်ပေါ်လာပါတယ်။


ဒါတွေ အားလုံးဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ “စံနှုန်း၊ သတ်မှတ်ချက် (Norm)” တွေ၊ “မူဝါဒ (Principle)” တွေ နဲ့ တန်ဖိုး (Value) တွေကို အခြေခံပြီး စံနမူပြု ရေရှည် ကျင့်ကြံ လုပ်ဆောင်ပြနိုင်မှု ရလဒ် ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒီ ရလဒ်ဟာ အသိအမြင်၊ ဗဟုသုတ များပြားခြင်း၊ အကျင့် သီလ စင်ကြယ်ခြင်း၊ ကျိုးကြောင်း ဆင်ခြင် ပိုင်းဖြတ် နိုင်မှု ရှိခြင်း၊ ဦးဆောင် လမ်းညွှန် နိုင်စွမ်း ရှိခြင်း၊ မိမိအလုပ်ကို တစိုက်မတ်မတ် စူးနစ် စွဲမြဲ လုပ်ကိုင်မှု ရှိခြင်း၊ လူသား အကျိုး ဆောင်ရွက်နိုင်မှု ရှိခြင်း၊ လူသားတွေရဲ့ ဒုက္ခဆင်းရဲ ကို ကယ်တင် လွတ်မြောက် နိုင်စေတဲ့ စွမ်းပကား ရှိခြင်း၊ လူသားတွေကို ဉာဏ်ပညာ အလင်း ဖွင့်ပေး နိုင်စွမ်းရှိခြင်း စတဲ့ အသိ/အတတ် ပညာ တင်မကတဲ့ ဖြောင့်မတ် မှန်ကန် ဆင်ခြင်ဆုံးဖြတ်နိုင်မှု ဉာဏ်ပညာ၊ ကျင့်ဝတ် အလုပ် နဲ့ အထုံ ပါရမီ တို့ ပေါင်းစပ်ထားခြင်းလည်း ဖြစ်ပါတယ်။


ဆိုခဲ့တဲ့ ကျင့်ဝတ် “စံနှုန်း၊ သတ်မှတ်ချက် နဲ့ မူ” တွေဟာ လူလုပ် ဥပဒေ ဆိုတာတွေထက် ပိုလေးနက်ပြီး အခြေခံကျသလို လူသားတွေရဲ့ အတွင်း အဇ္ဈတ္တသန္တာန် (Inner Nature) ကို လွှမ်းမိုးနိုင်၊ ကာလကြာရှည် စွဲမြဲနိုင်စွမ်းလည်း ရှိပါတယ်။


အထက်မှာ ဆိုခဲ့တဲ့ ဖွင့်ဆိုချက် အရ လူသားတွေအပေါ် “Moral Authority” အရှိဆုံးကတော့ ကမ္ဘာမှာ ပွင့်တော်မူခဲ့တဲ့ ဘာသာတရား အသီးသီးရဲ့ ဘုရားတွေ ဖြစ်ပါတယ်။ ဗုဒ္ဓ ရဲ့ ဘုရားဂုဏ်တော် (၉) ပါး ဟာ ဘုရားရှင်ရဲ့ “Moral Authority” ရှိမှုကို ညွှန်းဆိုထားခြင်းလို့ ဆိုနိုင်ပါတယ်။ ခေတ်အဆက်ဆက် နဲ့ မျက်မှောက်ခေတ် ကမ္ဘာရဲ့ ထေကြီးဝါကြီး ရဟန်းသံဃာတော်တွေ၊ ဘာသာတရားအသီးသီးမှ ကြီးမြတ်တဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဟာလည်း လူသားတွေအပေါ် “Moral Authority” သြဇာကြီးတယ်လို့ ဆိုနိုင်ပါတယ်။


ဒါ့အပြင် ကိုးကွယ်ယုံကြည်မှု ဘာသာတရားတွေ နဲ့ မသက်ဆိုင်တဲ့ အခြား လူသားအကျိုးပြု စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ သာမန် လူသား ပုဂ္ဂိုလ်တွေမှာလည်း “Moral Authority” သြဇာ ရှိနိုင်ပါတယ်။ အကြောင်းက လုပ်ရပ်တခုခု၊ ဖြစ်စဉ်တခုခု၊ အကြောင်း ကိစ္စ တခုခု ကနေပြီး ကမ္ဘာ့ လူသား အကျိုးပြု နဲ့ လောကီ ရေးရာ လွတ်မြောက်၊ ငြိမ်းချမ်းရာ လုပ်ငန်းတွေ စွမ်းဆောင်ပေးနိုင်စွမ်းတဲ့ လူပုဂ္ဂိုလ်တွေမှာလည်း သူမတူ ထူးခြား၊ ရှားပါးတဲ့ “သီလ၊ သမာဓိ၊ ပညာ” ရှိနေလို့ဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်မျိုးတွေဟာ မနှိုင်းအပ်ပေမယ့် ဘုရားဂုဏ်တော် (၉) ပါး နဲ့ မြင်သာအောင် ဆိုရရင် “သုဂတိ (သီလ၊ သမာဓိ၊ ပညာ ကို အခြေခံပြီး ကောင်းမြတ်သော စကား နဲ့ အလုပ်ကိုသာ ဆိုခြင်း၊ ပြုခြင်း၊ သွားခြင်း၊ လာခြင်း)” ဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံနေလို့ ဖြစ်ပါတယ်။ အတုမရှိတဲ့ ဘုရား လို “သတ္တ၊ သြကာသ၊ သင်္ခါရ” ဆိုတဲ့ လောကသုံးခွင်ကို အကုန်အစင် သိမြင်နိုင်မှု “လောကဝိဒူ” ဂုဏ်မြောက်၊ သစ္စာလေးပါး အမှန်တရားကို ပိုင်းခြား သိမြင်နိုင်မှု မရှိပေမယ့် အဆိုပါ လူသားအကျိုးပြု လူပုဂ္ဂိုလ်တွေမှာ လူသား အတိုင်းအတာအရ “သီလ၊ သမာဓိ၊ ပညာ” အလုပ်၊ “၀ိဇ္ဇာ စရဏ သမ္ပန္န” ဆိုတဲ့ အသိဉာဏ် ပညာ (၀ိဇ္ဇာ) နဲ့ အကျင့်တရား (စရဏ) ပြည့်စုံနေလို့ ဖြစ်ပါတယ်။


ဥဒါဟရုဏ် ပြုရရင် မဟတ္တမဂန္ဒီ (၁၈၆၉-၁၉၄၈) လို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးမျိုး၊ မာသာထရီဆာ (၁၉၁၀-၁၉၉၇) လို ကြီးမားတဲ့ ကရုဏာရှင်ကြီးမျိုး ကို “Moral Authority” သြဇာကြီးတဲ့ လူသား ပုဂ္ဂိုလ်တွေလို့ ဆိုနိုင်ပါတယ်။


ဂန္ဒီကြီး ရဲ့ အတွေးအခေါ်၊ အကျင့်အကြံ၊ လမ်းညွှန်မှု နဲ့ အကြမ်းမဖက်ရေး တရားတွေဟာ ကမ္ဘာအရပ်ရပ်က ခေတ်အဆက်ဆက် လွတ်မြောက်ရေး၊ လူ့အခွင့်အရေး၊ ပြည်သူ့ရေးရာ အခွင့်အရေး၊ တန်းတူညီမျှရေး၊ ဖိနှိပ်မှု ဆန့်ကျင်ရေး တိုက်ပွဲတွေကို ကြီးစွာသော လွှမ်းမိုးမှု၊ နမူနာပြုနိုင်မှု ဖြစ်ပေါ်စေခဲ့သလို ကမ္ဘာ့လူသားများစွာရဲ့ အကျိုးကို ဖြစ်ထွန်းစေခဲ့ပါတယ်။ ဒါ့အပြင် ဂန္ဒီကြီး နဲ့ သူ့ လမ်းစဉ်ရဲ့ ရှေ့ဆောင်မှုကနေ တဆင့် မင်ဒဲလား (၁၉၁၈-) လို၊ မာတင်လူသာကင်းဂျူနီယာ (၁၉၂၉-၁၉၆၈) လိုမျိုး “Moral Authority” ရှိ စံနမူနာပြုစရာ ပုဂ္ဂိုလ်မျိုးတွေ ကမ္ဘာ့သမိုင်းမှာ ထပ်မံ ပေါ်ထွန်းခဲ့ပြီး သူတို့ကြောင့် လူသားများစွာဟာ တရားမျှတမှု နဲ့ လွတ်မြောက် ငြိမ်းချမ်းရေး သုခ ချမ်းသာ ကို ခံစားနိုင်ခဲ့ပါတယ်။


အလားတူပဲ မာသာထရီဆာ ရဲ့ ကြီးမားတဲ့ မေတ္တာတရားနဲ့ ယှဉ်တဲ့ ဘာသာရေးအခြေပြု လူမှုရေးလုပ်ငန်းတွေဟာလည်း လူသားများစွာကို ဒုက္ခဆင်းရဲက လွတ်စေခဲ့ရုံသာမကဘဲ ကမ္ဘာအနှံ့က လူမှုရေး နဲ့ ဘာသာရေး လုပ်ငန်းတွေကိုပါ ရှေ့ဆောင်လမ်းပြ နိုင်ခဲ့ပါတယ်။


ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်တွေကို လေ့လာကြည့်ရင်လည်း နှစ်တချို့မှာ အငြင်းပွားဖွယ် ဆုရွေးချယ်မှု သမိုင်းဖြစ်စဉ်တွေ ရှိခဲ့ပြီး အင်အားကြီး ကမ္ဘာ့နိုင်ငံတချို့၊ အထူးသဖြင့် အနောက်အုပ်စုရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ တစိတ်တပိုင်း ပါဝင်ပတ်သက် လွှမ်းမိုးမှု ရှိခဲ့ပေမယ့် ယေဘုယျ သဘော အနေနဲ့ ငြိမ်းချမ်းရေး ဆုရှင်တွေဟာ ကမ္ဘာမှာ အထိုက်အလျောက် “Moral Authority” သြဇာကြီးသူတွေလို့ ဆိုနိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်ခြင်း၊ တရားမျှတမှုကို ကိုယ်စားပြုခြင်း၊ လူသား (အမျိုးသမီး/အမျိုးသား/လူမျိုး/ဘာသာ/ အသားအရောင် မခွဲ တန်းတူ) အခွင့်အရေး အပြည့်အဝ ရရှိအောင် ကြိုးစားဆောင်ရွက်ခြင်း၊ လူသား တန်ဖိုးကို မြှင့်တင်ပေးနိုင်ခြင်း၊ လူသားတွေရဲ့ လူမှုစီးပွား ဘဝ တိုးတက်အောင် ကြံဆောင်ခြင်း၊ သတ္တ၊ ရုက္ခ လောက၊ ကမ္ဘာ့ ပထဝီမြေကြီး နဲ့ သဘာဝ ပတ်ဝန်းကျင်ကို စည်ပင်ဝပြော ရှင်သန်အောင် လုပ်ဆောင်ခြင်းတို့ကြောင့် လူသား နဲ့ ကမ္ဘာမြေအပေါ် ကျေးဇူးပြုနိုင်ခြင်းနဲ့အတူ သူတို့ရဲ့ “Moral Authority” ဟာလည်း ကမ္ဘာ့ လူသားများအကြားမှာ ကြီးမားလှပါတယ်။


ဆိုခဲ့တဲ့ နောက်ခံအခြေအနေနဲ့ သဘောမှာ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် တယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံရေး ခေါင်းဆောင် ဆိုတာထက်ပိုတဲ့ ဗမာ့လူထု ကိုးစားပြု ခေါင်းဆောင် အနေအထား အပြင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ ဒီမိုကရေစီ ရဲ့ သင်္ကေတ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်၊ အမှန်တရာ နဲ့ တရားမျှတမှုရဲ့ ပုံရိပ် အနေနဲ့ နိုင်ငံတကာမှာ၊ ကမ္ဘာ့ လူသားတွေ အပေါ်မှာ “Moral Authority” ရှိပါတယ်။ သူရေးတဲ့ စာတွေ၊ သူပြောတဲ့ မိန့်ခွန်းတွေ ကို ထင်ရှားတဲ့ အရှေ့၊ အနောက် ကမ္ဘာ့ခေါင်းဆောင်တွေ အပါအဝင် ကမ္ဘာ အနှံ့က လူသား အတော်များများဟာ ဂရုတစိုက် ဖတ်ရှု၊ ကြားနာကြသလို သူ့ရဲ့ လုပ်ရပ် နဲ့ ခံယူချက်၊ သဘာထားတွေကိုလည်း လေးစား အသိအမှတ်ပြု၊ စံနမူနာယူမှုတွေ ရှိပါတယ်။


ဒီလို အနေအထားမှာ ကမ္ဘာ့ အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေ၊ ရုပ်သံ နဲ့ စာနယ်ဇင်း မီဒီယာတွေ၊ နိုင်ငံတကာက ခေါင်းဆောင်တွေ၊ သံတမန်နဲ့ ထင်ရှားကျော်ကြားသူတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ သူ့ရဲ့ အမြင်၊ သဘောထား၊ ဟောပြောချက်တွေကို ရယူခြင်းတွေ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု အတွင်း အမြောက်အမြား ပြုလုပ်ခဲ့ခြင်းနဲ့အတူ သူ့ရဲ့ သြဇာ၊ လွှမ်းမိုးနိုင်မှု နဲ့ “Moral Authority” ဟာလည်း ကြီးမား ခိုင်မာ လာပါတယ်။


သူဟာ ရုပ်ရည် ပြေပြစ်ခြင်း၊ ဘာသာစကား ကျွမ်းကျင်ခြင်း၊ သိက္ခာ၊ သမာဓိ၊ ပညာ ပြည့်စုံခြင်း၊ တကိုယ်ရေ အားဖြင့် အရည်အချင်း ကြွယ်ဝခြင်း၊ ပုဂ္ဂလိက မိသားစုဘဝ စွန့်လွှတ်အနစ်နာခံမှု တို့အပြင် လူအများကို သြဇာစူး၊ စွဲဆောင်နိုင်စွမ်းတဲ့ အထုံ ပါရမီ အရည်အသွေးများဖြစ်တဲ့ အလိုအလျောက် မျက်နှာပွင့်လန်း၊ ကျော်စောထင်ရှား အကြီးအမှူး ခေါင်းဆောင် နေရာရယူနိုင်ခြင်း ဖြစ်စေမှု မွေးရာပါ “Charisma” နဲ့လည်း ပြည့်စုံနေပြန်ပါတယ်။ ဖန်တီးတည်ဆောက် လုပ်ယူလို့မရတဲ့ သဘာဝ ခရစ်စမား အရည်အသွေး ရှိတဲ့ ခေါင်းဆောင် (Charismatic Leader) မျိုးရဲ့ သြဇာလွှမ်းမိုး သက်ရောက်မှုက လွတ်ကင်းအောင် နေနိုင်တဲ့ လူသာမန် ဆိုတာ အင်မတန် ရှားလှပါတယ်။


ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်အနေနဲ့ဆိုပြန်ရင်လည်း ဗမာလူထု အကြွင်းမဲ့ အလုံးစုံ လေးစားချစ်ခင်မြတ်နိုးရတဲ့ လွတ်လပ်ရေးဖခင်ကြီး နဲ့ အာဇာနည် သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက် ဖြစ်နေခြင်းဟာလည်း သူ့ရဲ ဗမာလူထုအပေါ် သြဇာသက်ရောက်မှုကို အထွပ်အထိပ် ဖြစ်စေပါတယ်။ ဗမာလူထုအနေနဲ့ မျိုးဆက် နှစ်ဆက်/သုံးဆက် ဒဏ္ဍာရီလာ သူရဲကောင်းလို လေးစားအားကျ၊ နှမြောတသ လွမ်းဆွတ်ရင်းနဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်နေရတဲ့ ဗိုလ်ချုပ်အောင်ဆန်း အစား သူ့ရဲ့ မျိုးဆက်သစ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ပြီးတော့ လူပုဂ္ဂိုလ် အခြေပြု ကိုးကွယ်စရာ ဖြစ်လာခဲ့ပါတယ်။


ဒီလို နောက်ခံကားချပ် အနေအထားမှာ ဗမာလူထု အနေနဲ့ သူ့ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု၊ မဟာလူသား ဆန်ဆန် သာမန်ထက်ပိုတဲ့ အလေးထား၊ ဂုဏ်ပြုဆက်ဆံမှုတွေနဲ့အတူ ဘုရားတဆူ ဂူတလုံးသဖွယ် ပူဇော်ဆည်းကပ်၊ အမြတ်တနိုးထားကာ နတ်ဘုရားဆန်ဆန် ကိုးကွယ်မှု (Divine Worship) တွေလည်း ရှိလာပါတယ်။  ဒီလို ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှု၊ ချဉ်းကပ်မှု နဲ့ ဝိုင်းဝန်းမှုမှာ အစစ်အမှန် ချစ်ခင်မြတ်နိုး၊ လေးစား တန်ဖိုးထားမှုကြောင့် ကိုးကွယ်နေသူ နောက်လိုက် (Followers) တွေ ရှိသလို လက်ရှိအခြေအနေ ဗမာ့နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နဂိုရှိရင်း သြဇာအပြင် အာဏာ ပါ တက်လာမှုကြောင့် သာပေါင်းညာစား ဖော်လံဖား အခွင့်အရေးသမား (Sycophants) တွေလည်း များပြားလာတာ သဘာဝပဲ ဖြစ်ပါတယ်။ (စကားချပ် - “Sycophants” တွေအကြောင်းက “Moral Authority” နဲ့ မသက်ဆိုင်တဲ့အတွက် ဒီဆောင်းပါးမှာ အကျယ် မဆွေးနွေးတော့ပါ။)


ဗမာလူထုရဲ့ ယေဘုယျ အခြေအနေကို တဘက်က ပြန်သုံးသပ်ကြည့်ပြန်ရင်လည်း ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးဒဏ် ခံခဲ့ရခြင်းကြောင့် ပညာရေး နိမ့်ကျ၊ လွတ်လပ်စွာ ကိုယ်ပိုင် တွေးခေါ်စဉ်းစာဆင်ခြင်နိုင်မှု အမျှော်အမြင်နည်းပါး၊ လွတ်လွတ်လပ်လပ် မေးခွန်းထုတ် ပြန်လည် ဆွေးနွေးမှုနိုင်မှု၊ အမြင်သစ်၊ အတွေးသစ်၊ အလုပ်သစ်ကို ကိုယ်ပိုင်စူးစမ်း ရှာဖွေလိုမှု ဓလေ့ ဆိတ်သုဉ်းခြင်းနဲ့အတူ အလုံးစုံ အမိန့်နာခံတတ်မှုဟာ နေရာ၊ ကိစ္စ တိုင်းလိုလိုမှာ အရည်အသွေးတခု (သို့) လိုအပ်မှု တခုလို ဖြစ်လာကာ သာမန်ထက် ထူးကဲတဲ့ စွမ်းရည်ရှိတဲ့၊ သြဇာရှိတဲ့၊ အာဏာရှိတဲ့ ခေါင်းဆောင်ရဲ့ စကားကိုသာ တသွေမတိမ်း နာခံလိုစိတ်ဟာ လူအများကြားမှာ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုတခုလို အမြစ်တွယ်လို့လာခဲ့ပါတယ်။


နဂို ရှိရင်းစွဲ ဗမာ့ဓလေ့ကို ကြည့်ပြန်ရင်လည်း အထက်လူကြီး၊ အကြီးအမှူး ကို မိဘ၊ ဆရာ နည်းတူ ရိုသေ ကိုးကွယ် ဆည်းကပ်ရလေ့ရှိတာကြောင့် အထက်လူကြီး (သို့) ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက် နဲ့ သဘောထားတွေကို ပြန်လည် ဝေဖန်ဆန်းစစ်လိုမှု အင်မတန် နည်းပါးလှပါတယ်။


ဗမာပြည် တည်ရာ အာရှတိုက်တခုလုံးရဲ့ ဓလေ့မှာလည်း အမိန့်နာခံမှု၊ ခေါင်းဆောင် နဲ့ လူပုဂ္ဂိုလ် ကိုးကွယ်မှုဟာ ကျယ်ကျယ်ပြန့်ပြန့် ရှင်သန်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် အာရှ လူ့အဖွဲ့အစည်းမှာ မျိုးရိုး မိသားစုနောက်ခံဟာ အင်မတန် အရေးပါပြီး ထင်ရှားကျော်ကြား၊ သြဇာစူးစေမှု နဲ့ ခေါင်းဆောင်ဖြစ်စေမှုကို ပြင်းပြင်းထန်ထန် တွန်းအားဖြစ် အကျိုးသက်ရောက်လေ့ ရှိပါတယ်။


မျိုးရိုးနောက်ခံကြောင့် သြဇာထက်မြက် ခေါင်းဆောင်နေရာယူနိုင်မှုအပြင် ပင်ကိုယ်အရည်အသွေးနဲ့ ကျင့်ဝတ်၊ ခံယူချက်၊ အလုပ်ကြောင့် ဗမာလူထု နဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာပါ “Moral Authority” သြဇာရှိ အရာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးအတွက် အထက်မှာ ဆွေးနွေးခဲ့တဲ့ အခြေအနေအားလုံးဟာ အကြွင်းမဲ့ နာခံတော် နောက်လိုက် အများအပြားကို မွေးဖွားစေခဲ့ပါတယ်။


ဒီလို လူပုဂ္ဂိုလ်စွဲ ကိုးကွယ်ယုံကြည် နောက်လိုက်မှု၊ အကြွင်းမဲ့ ထောက်ခံမှု နဲ့ အလုံးစုံ အမိန့်နာခံမှု ရဲ့ သဘောဟာ အကိုးကွယ်ခံ ပုဂ္ဂိုလ်ရဲ့ “Moral Authority” သြဇာ အားပြည့်နေသမျှ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရပ်တည်ချက်၊ သဘောထား မပြောင်းလဲသမျှ လူ့အဖွဲ့အစည်းအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေလို့ မဆိုနိုင်ဘူးလို့ ယူဆပါတယ်။


ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တွေကစလို့ ပြောင်းလဲလာတဲ့ နိုင်ငံရေးလမ်းကြောင်း သဘောအရ ပါတီနိုင်ငံရေး၊ ရွေးကောက်ပွဲ နဲ့ လူအများစု (သို့) တိုင်းပြည်မှာ အရေးပါ၊ အရာရောက်တဲ့ လူတန်းစားတစု ထောက်ခံမှုကို ပိုမိုအရေးပေးဖို့ အခြေအနေတွေက တောင်းဆိုလို့ လိုအပ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်မှာ “Moral Authority” ရှိသူ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ငြိမ်းချမ်းရေး ရဲ့ သင်္ကေတ ပြယုဂ် အနေအထားကနေ ယုတ်လျော့လို့ လာနေပါပြီ။ ဒီသဘောကို စံနှုန်း၊ မူတွေ အလေးပေးရတဲ့ “Normative Approach” ကနေ မူဝါဒ၊ အတွေးအခေါ်၊ စံသတ်မှတ်ချက်တွေထက် လက်တွေ့ အလုပ်ဖြစ်ရေးကို ဦးစားပေး စဉ်းစားလုပ်ဆောင်ရတဲ့ “Pragmatic Approach” ကို ပြောင်းပြီး ပါတီ နဲ့ အာဏာ နိုင်ငံရေး လမ်းကြောင်းကို စတင်ခဲ့တဲ့ မနှစ်ကတည်းက နိုင်ငံတကာ ခေါင်းဆောင်တချို့ (ဥပမာ - ဟီလာရီ ကလင်တန်) ၊ ပညာရှင် နဲ့ လေ့လာသူ တချို့က သတိပေးပြောဆို၊ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။


ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး ကစားမှုတွေ၊ နိုင်ငံရေးသဘောအရ အပေး-အယူ၊ အလျှော့-အတင်းပြုလုပ် ဈေးဆစ်ရမှုတွေ၊ ဈေးဆစ်ခံရမှုတွေ၊ ငဲ့ကွက်ရမှုတွေ မဖြစ်မနေ ကြုံလာ၊ လုပ်လာရပါတော့တယ်။ ဒီအနေအထား နဲ့ သဘောမှာ နိုင်ငံရေး သမား တယောက်ကို “ပုဂ္ဂိုလ်ကိုခင်လို့ တရားမင်” ဆိုသလို လူပုဂ္ဂိုလ်ဗဟိုပြု ထောက်ခံမှု နဲ့ နတ်ဘုရားဆန်ဆန်း ချီးပ ကိုးကွယ်မှုတွေဟာ ကောင်းမွန်ပြည့်စုံ၊ တော်တည့်မှန်ကန် တဲ့ အနာဂတ် တိုင်းပြည် နဲ့ နိုင်ငံရေးဓလေ့ ဖြစ်ဖို့အတွက် ကြီးမားတဲ့ ဟန့်တားမှု၊ အနှောင့်အယှက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ တန်ခိုးရှင် မဟုတ်တဲ့ ပုထုဇဉ် လူသားတယောက်သာ ဖြစ်တဲ့အတွက် အားသာချက် ရှိသလို၊ အားနည်ချက်လည်း ရှိမှာ ဖြစ်ပါတယ်။  ဆုံးဖြတ်ချက် အမှားအယွင်း နဲ့ မူဝါဒ အလွဲတွေလည်း ချမှတ်နိုင်ပါတယ်။ ဒါကြောင့် လူကို မူတည်ပြီး နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး ရောထွေးယှက်တင်ဖြစ်ကာ လူ နဲ့ နိုင်ငံရေး မကွဲရင် နိုင်ငံမှာ အကောင်းထက် အဆိုးဖြစ်ဖို့က ပိုများပါတယ်။ ဒီလို အခြေအနေမျိုးကို ဒီမိုကရေစီ အကျင့်၊ အလေ့အထ နဲ့ ဓလေ့ မရင့်သန်တဲ့ နိုင်ငံတွေမှာ များသောအားဖြင့် တွေ့ရတတ်ပါတယ်။ ဒီမိုကရေစီစနစ် အမြစ်တွယ်နေပြီဖြစ်တဲ့ အနောက် နိုင်ငံကြီးတွေမှာ နိုင်ငံရေးဟာ ပုဂ္ဂိုလ်ရေးနဲ့ တသီးတခြား ဖြစ်နေပြီး “လူ” ကို ကိုးကွယ်တဲ့ကိစ္စ မရှိသလောက် နည်းကာ “မူ” ကို သာကြည့် ဝေဖန်သုံးသပ်၊ ဝါဒ၊ လမ်းစဉ် နဲ့ ရပ်တည်ချက်ကိုသာ အလေးပေးစဉ်းစာတဲ့ နိုင်ငံရေးဓလေ့သာ ရှင်သန်ပါတယ်။ ဒါဟာ ပိုမိုကောင်းမွန် လွတ်လပ်၊ မျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေအနေတခု ဖြစ်ပါတယ်။


လက်ရှိ ဖြစ်ပေါ်နေတဲ့ ဗမာ့ နိုင်ငံရေးလားရာကို သုံးသပ်ကြည့်ပြန်ရင်လည်း လက်နက်ကိုင် အဖွဲ့အစည်း၊ စစ်တပ်ဗဟိုပြု စစ်အုပ်စု တခုလုံးရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးရင်းနဲ့ ကျောထောက်နောက်ခံပြုထားတဲ့ လက်ရှိ အစိုးရမှာ လုပ်ပိုင်ခွင့် နဲ့ အာဏာ အပြည့်ရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လို လူထု နဲ့ နိုင်ငံတကာ အပေါ် လွှမ်းမိုးနိုင်တဲ့ သြဇာ နဲ့ “Moral Authority” မျိုးတော့ မရှိပါဘူး။  ဒါကြောင့် လက်ရှိ အစိုးရ နဲ့ စစ်အုပ်စု အနေနဲ့ သူတို့ စိတ်ကြိုက် ဖန်တီးထားတဲ့ နိုင်ငံရေးအရွေ့ကို လူအများ နဲ့ နိုင်ငံတကာက ပိုမိုထောက်ခံ အသိအမှတ်ပြုလာဖို့ရာအတွက် လူထု နဲ့ ကမ္ဘာ အပေါ် သြဇာညောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပူးပေါင်းမှုကို အလိုရှိပါတယ်။  ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ရွေးချယ်လိုက်တဲ့ နိုင်ငံရေးလမ်းကြောင်းအပေါ်မူတည်ပြီး အစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်လာရပါတယ်။


ဒီအနေအထားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဇာပိုင် အဖြစ်ကနေ အာဏာရှိသူ နဲ့ အခြေအနေအရ ပူးပေါင်းနေရတဲ့အတွက် အာဏာပိုင်အဖြစ်ကို ကူးပြောင်းသွားနေပါတယ်။ လက်ရှိ အာဏာရ အစိုးရရဲ့ လွှတ်တော်မှာလည်း လွှတ်တော်အမတ် နေရာ အပြင် အခြား ရာထူး နဲ့ တာဝန်တွေကိုပါ ပူးတွဲ တာဝန်ယူ လုပ်ဆောင်နေရတဲ့အတွက် သူဟာ အတိုက်အခံပါတီရဲ့ ခေါင်းဆောင်၊ လူထုခေါင်းဆောင် အနေအထားထက် အာဏာရ အစိုးရရဲ့ တစိတ်တပိုင်း အဖြစ် ပိုမို ရှုမြင်နိုင်စရာ ဖြစ်လာနေပါတယ်။


ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဟိုအရင် အစဉ်တစိုက် ထောက်ခံလာခဲ့တဲ့ နောက်လိုက်တွေထဲက လူပုဂ္ဂိုလ်စွဲ ကိုးကွယ်သူတွေကလွဲလို့ လက်ရှိ မူဝါဒ၊ လုပ်ရပ် နဲ့ သဘာကိုသာ သုံးသပ်လေ့လာပြီး ထောက်ခံခဲ့တဲ့ ကျန် လူအများကြားမှာ သူ့ရဲ့ လက်ရှိ အနေအထား အပေါ် ပြန်လည် မေးခွန်းထုတ်မှု နဲ့ ဝေဖန်ပိုင်းခြားမှုတွေ တိုးလာပါတယ်။


“စံနှုန်း၊ သတ်မှတ်ချက် နဲ့ မူ”ကို အလျှော့-အတင်း၊ အပေး-အယူ လုပ်ရတဲ့ နိုင်ငံရေးသမားဘဝကို အခြေအနေ၊ အတိုင်းအတာတခုအထိ နားလည်လက်ခံပေးနိုင်စရာလည်း ရှိပါတယ်။ ဒါပေမယ့် မူဝါဒ နဲ့ စံနှုန်း သတ်မှတ်ချက် ခိုင်ခိုင်မာမာ မရှိတဲ့ နိုင်ငံရေး လမ်းစဉ်ဟာ လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးမများနိုင်ပါ။  ဂန္ဒီကြီးရဲ့ လှုမှုအပြစ် (၇) ပါး အရ ဆိုရင်လည်း ဒါဟာ လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်စေတဲ့ အပြစ် ဖြစ်ပါတယ်။


အခုအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ “စံနှုန်း၊ သတ်မှတ်ချက်၊ မူ (Principles)” တွေကို လုံးလုံး ပစ်ပယ် မျက်ကွယ်ပြုထားတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ မျက်မှောက် နဲ့ အနာဂတ် နိုင်ငံရေး မှာ အထက်မှာ ဆွေးနွေးခဲ့တဲ့ ပါတီ နဲ့ အာဏာ နိုင်ငံရေး သဘောကြောင့် ဟိုယခင် ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ခေါင်းဆောင် ဘဝကလို မတရားမှု မှန်သမျှ ဆန့်ကျင်ပြောဆိုရဲတဲ့၊ တရားမှုကို ရဲရဲဝင့်ဝင့် ပုံဖော်နိုင်တဲ့၊ ကျင့်ဝတ် ပိုင်းဆိုင်ရာ ကို အလေးပေးတဲ့၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ တန်းတူညီမျှရေး၊ လူမှုတရားမျှတမှု ကို ဖော်ဆောင်တဲ့၊ မူဝါဒ ကို အထိအပါးမခံတဲ့ အနေအထားမျိုး၊ ရပ်တည်ချက်မျိုး နဲ့ သဘောထားမျိုးတော့ လျော့နည်းလာမှာ ဖြစ်ပါတယ်။ အလားတူပဲ တွဲလျက် သူ့ရဲ့ “Moral Authority” လည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။


ဒီလိုအနေထားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ခံယူချင်တဲ့ သူ့ရဲ့ ပါတီဝင် နဲ့ နောက်လိုက် လူထုအနေနဲ့ လူပုဂ္ဂိုလ်ဗဟိုပြုမှု၊ မစဉ်းစား၊ မဆင်ခြင် မျက်စိမှိတ် ထောက်ခံမှု၊ နတ်ဘုရား နဲ့ မဟာလူသား ဆန်ဆန် ကိုးကွယ်ဆည်းကပ်မှုတွေကို လျှော့ချပစ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း မူဝါဒ၊ လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့် ပိုင်းဆိုင်ရာကို ဗဟိုခေါင်းဆောင်ပိုင်းက အပြည့်အဝ ထိန်းချုပ်ထားမှုကို လျှော့ချဖို့ အရေးတကြီး လိုအပ်လှပါတယ်။


စစ်အုပ်စု ရဲ့ အကျိုးစီးပွားအတွက် အာဏာ ရေရှည်တည်တံ့ ခိုင်မြဲရေးကို ရှေးရှုကာ စိတ်ကြိုက် ဖန်တီးထားတဲ့ မျက်မှောက် နဲ့ အနာဂတ် ဗမာ့ နိုင်ငံရေး လမ်းခရီးမှာ အမျိုးမျိုးသော လှည့်ကွက်တွေ၊ ထောင်ခြောက်တွေ၊ ခါးအောင်ပိုင်း လက်သီးပုန်း ထိုးကွက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီအခြေအနေဟာ “ပြည်ထဲအရေး ပေါက်နှင့်ကျေး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်” ဆိုတာထက် ပိုမို ရှုပ်ထွေးမှာ သေချာလှပါတယ်။ ဒါကြောင့် ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက် ကို ပြန်လည် မေးခွန်းထုတ်တတ်မှု၊ ဝေဖန်နိုင်မှု၊ သုံးသပ်နိုင်မှု ရှိဖို့ ဗမာ့နိုင်ငံရေး ဓလေ့ နဲ့ လူ့အဖွဲ့အစည်းမှာ လိုနေပါတယ်။ ခေါင်းဆောင်တယောက်တည်းရဲ့ သဘော၊ ဆန္ဒ၊ ဆုံးဖြတ်ချက် နဲ့ သွားနေရင် ဗမာပြည်ရဲ့ အနာဂတ် နဲ့ ဒီမိုကရေစီအရေးဟာ ပြည့်စုံကောင်းမွန် သန်စွမ်းတဲ့ အနေအထားမျိုး၊ အခြေအနေမျိုး ဘယ်လိုမှ ဖြစ်မလာနိုင်ပါ။


နိဂုံချုပ်ရရင် စာရေးသူ အနေနဲ့တော့ စိတ်ကူးယဉ်၊ လက်တွေ့မကျဘူးပဲဆိုဆို ပြစ်မျိုးမထင်၊ မူဝါဒ၊ ကျင့်ဝတ် ခိုင်မာ၊ “Moral Authority” အပြည့်ရှိတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပဲ မြင်ချင်ပါတယ်။ ဗမာ့ နိုင်ငံရေး အခင်းအကျင်းဟာ ဆိုခဲ့သလို မဖြစ်နိုင်ဘူးဆိုရင်တောင် အနည်းဆုံး နိုင်ငံရေးမှာ လူစွဲကင်း၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကင်း၊ ဘက်ပေါင်းစုံက အမြင်ပေါင်းစုံ နဲ့ လူတိုင်း အသံကျယ်ကျယ်ထွက်၊ ခေါင်းဆောင်အပေါ် အကျိုး/အကြောင်း ထောက်ပြ၊ ခေါင်းဆောင်ကလည်း လက်ခံစဉ်းစား သုံးသပ် တဲ့ နိုင်ငံရေး အလေ့အကျင့်ကောင်း၊ ဓလေ့ကောင်းတွေ ရှင်သန်၊ ထွန်းကား၊ အမြစ်တွယ် စေချင်ပါတယ်။  ဝေဖန်ပိုင်းခြား၊ ကျိုးကြောင်း ဆင်ခြင်သုံးသပ်မှု “ဝိဘဇ္ဇ” သဘောဟာ ဘာသာတရားရဲ့ အဆုံးအမနဲ့လည်း ညီပါတယ်။  ကြိုးစားဖော်ဆောင် စေချင်ပါတယ်။

Comments