Maung Yin Nga Tay - Articles


ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
မတ်လ ၁၅၊ ၂၀၁၃

● ပြင်သစ်ပြည်သို့ ဒုတိယဝင်ပေါက်
ပြင်သစ်ပြည်ရဲ့ အဓိကအကျဆုံးဝင်ပေါက်ဖြစ်သလို ပါရီမြို့တော်ရဲ့ အရေးအပါဆုံးဝင်ပေါက်ဖြစ်တဲ့ L’aéroport Paris Charles-de-Gaulle ရှားလ်တဂိုရ်လေဆိပ်အကြောင်း အချက်အလက် တော်တော်များများကို ဟိုအရင်တပတ်က ရေးသားခဲ့ပါတယ်၊ ပြီးပြည့်စုံတယ်လို့ မပြောနိုင်ပေမဲ့ အတော်အသင့်တော့ သိရှိသွားနိုင်မယ်ထင်ပါတယ်၊ ဒီရှားလ်ဒဂိုးရ် လေဆိပ်ပြီးရင် ပြင်သစ်ပြည်ရဲ့ ဒုတိယအရေးပါဆုံး ဝင်ပေါက်တပေါက်ကတော့ ပါရီမြို့တောင်ဘက် ၁၄ ကီလိုမီတာ ၈ မိုင်ခန့် အကွာမှာတည်ရှိတဲ့ L’aéroport de Paris-Orly အော်လီလေဆိပ်ဘဲ ဖြစ်ပါတယ်၊

L’aéroport de Paris-Orly

ဒီလေဆိပ်ကတော့ ရှားလ်တဂိုးရ်လေဆိပ် မတည်ဆောက်မီ ၁၉၆၄ ခုနှစ် ပတ်ဝန်းကျင်လောက်ထိ ပြင်သစ်နိုင်ငံရဲ့ အဓိကအကျဆုံးဝင်ပေါက် ဖြစ်ခဲ့တာပါ၊ ယနေ့အချိန်ကာလမှာတော့ ဒီလေဆိပ်မှာ ပြည်တွင်းခရီးစဉ်တွေက အဓိကဖြစ်သလို အခြားဆင်းသက်နေတဲ့ လေကြောင်းလိုင်းတွေကတော့ ခရီးသိပ်မဝေးကွာလှတဲ့ ဥရောပနိုင်ငံများမှ ဒေသအတွင်းပျံသန်းသွားလာကြတဲ့ စရိတ်သက်သာတဲ့ လေကြောင်းလိုင်းတွေရယ် Le Maghreb လို့ခေါ်တဲ့ အာဖရိကတိုက်အနောက်မြောက်ပိုင်းအရပ်က ပြင်သစ်စကားပြောတဲ့ နိုင်ငံများဖြစ်ကြတဲ့ Le Maroc မော်ရိုကို L’Algérie အယ်ဂျီးရီးယား La Tunisie တူနီးရှား La Mauritanie မိုရီတာနီးယားနဲ့ La Libye လစ်ဗျားတို့က လေကြောင်းလိုင်း တွေရယ် အဓိက ဝင်ထွက်ဆိုက်ကပ် သွားလာအသုံးပြု နေကြပါတယ်၊

 L’aérogare de Orly ouest

အော်လီလေဆိပ်ဟာ ပါရီမြို့တောင်ဘက်ယွန်းယွန်း ၁၄ ကီလိုမီတာလောက်ဝေးကွာတဲ့ အော်လီ မြို့နယ်မှာ တည်ရှိပါတယ်၊ ဒီလေဆိပ်က ခုနေခါမှာ ရှားဒဂိုးရ် CDG လောက် လူသိမများတော့ပေမဲ့ ပြင်သစ်ရဲ့ ဒုတိယအကြီးဆုံး လေဆိပ်ဖြစ်သလို ဥရောပရဲ့ ၁၁ ခုမြောက် အကြီးဆုံးလေဆိပ်လည်း ဖြစ်နေပါတယ်တဲ့၊ ဒီလေဆိပ်ဟာ ဥရောပရဲ့ လေဆိပ်ကြီးစာရင်းဝင် လန်ဒန်ဟိသရိုး Heathrow ပါရီစီဒီဂျီ CDG ဂျာမဏီဖရန့်ဖွတ် Frankfurt အမ်စတာဒမ်ရှီပိုး Schiphol စတဲ့လေဆိပ်ကြီးတွေ   ပြီးရင်တော့ ဒုတိယစာရင်းဝင် ယူရိုပီယံ အင်တာနေရှင်နယ် လေဆိပ်ကြီးတွေထဲမှာတော့ ထိပ်ဆုံး နေရာမှာ ပါဝင်နေပါသေးတယ်၊ ခရီးသည်ဦးရေ တနှစ်ကို ၂၆ သန်းကျော် ၂၇ သန်းလောက် ဝင်ထွက်သွားလာနေတာ ဖြစ်ပါတယ်တဲ့၊ ၁၉၀၉ ခုနှစ်ဝန်းကျင်ကာလက စတင်တည်ဆောက် အသုံးပြုခဲ့ပြီး အခု ကမ္ဘာ့အကြီးဆုံးလေယာဉ် အမျိုးအစားဖြစ်တဲ့ Airbus A 380 လေယာဉ်လည်း ဆင်းသက်နိုင်တဲ့ ပြေးလမ်းကြောင်းရှိပါတယ်၊

Orly Sud Terminal

အော်လီလေဆိပ်ကနေ ပါရီမြို့လယ်ကို အငှားကားနဲ့ သွားမယ်ဆိုရင်တော့ ယူရိုငွေ ၃၀ လောက် ကနေ ၅၀ ကျော်လောက်ထိ ကျသင့်နိုင်ပါတယ်၊ ပြင်သစ်တနိုင်ငံလုံးမှာ တက္ကစီကားပေါင်း ၅၀၀၀၀ ကျော်လောက်ရှိပြီး ပါရီမေထရိုပိုလီတန်ဧရိယာမှာတော့ နှစ်သောင်းနီးပါးလောက် ရှိပါတယ်၊


ဈေးနှုန်းကတော့ နေ့ရက်အချိန်ရယ် နေရာအကွာအဝေးဇုံတွေပေါ်မှာ မူတည်ပြီး တွက်ချက်တာပါ၊ ပါရီမှာကျသင့်မဲ့ တက္ကစီနှုန်းထားခကတော့ ကားပေါ်ထိုင်လိုက်တာနဲ့ နှစ်ယူရိုပြားလေးဆယ် စတင် ပေးရမှာဖြစ်ပြီး ဘယ်ကိုဘဲစီးစီး ဘီးလှိမ့်ပြီဆိုတာနဲ့ အနည်းဆုံးကျသင့်ငွေက ခြောက်ယူရိုခွဲ လောက်ပေးရပါမယ်၊ ၁ ကီလိုမီတာသွားတိုင်းမှာ သတ်မှတ်ဇုံပေါ်မှာ မူတည်ပြီး ၁ ယူရိုကနေ တယူရိုခွဲဝန်းကျင် ပေးရပါမယ်၊ ကားတစီးကို ခရီးသည်သုံးယောက် သတ်မှတ်ထားပြီး စတုတ္ထ ခရီးသည်အတွက် ၃ ယူရို အပိုဆောင်းငွေပေးရမှာပါ၊ ကလေးနှစ်ယောက်ကို လူကြီးတယောက်နှုန်း သတ်မှတ်ပါတယ်၊  ခရီးဆောင်အိတ်တွေအတွက် အိတ်တလုံးသာ အလကားသယ်ခွင့်ရပြီး နောက် တလုံး ပိုလာတိုင်း တယူရို ထပ်ဆောင်းပေးရမှာပါ၊ တခုသတိထားရမှာက ဒီနှုန်းထားတွေကလည်း အမြဲလိုလို ပြောင်းနေတာပါ၊ ဈေးနှုန်းကတော့ ကျတယ်မရှိပါဘူး၊ အစဉ်အမြဲ တိုးတက်နေလျှက်ပါ ခင်ဗျာ၊ ပါရီမြို့တွင်းခရီးဆိုရင် အနည်းဆုံး ၁၀ ကနေ ၃၀ ယူရိုခန့် ပေးရမှာပါ၊ မြို့ပြင်ထွက်မယ်ဆို ဥပမာ ပါရီကနေ ၃၂ ကီလိုမီတာဝေးတဲ့ Disneyland ကိုသွားမယ်ဆိုရင် ယူရို ၅၀ ကျော်ပေးရမှာ ဖြစ်ပြီး အော်လီလေဆိပ်ကနေ ၄၂ ကီလိုမီတာဝေးတဲ့ ရှားလ်တဂိုးရ်ကို သွားမယ်ဆိုရင်တော့ ၇၀ ယူရိုခန့် ပေးရမှာပါ၊

Orlyval Airport Shuttle & RER B

အော်လီလေဆိပ်ကနေ ပါရီကို ရထားနဲ့သွားမယ်ဆိုရင် လေဆိပ်ကနေတိုက်ရိုက်စီးလို့ရမဲ့ ရထား ဘူတာမရှိဘဲ လေဆိပ်ကနေ မြို့ထဲသွားမဲ့ RER B ရထားရှိရာ Antony ဘူတာကို Orlyval ခေါ် Airport Shuttle ပုံစံမျိုး ရထားနဲ့ အရင်သွားရမှာ ဖြစ်ပါတယ်၊ ထူးခြားတာက ဒီ Orlyval ဟာ တာမီနယ် Ouest နဲ့ Sud ကိုအလကားစီးခွင့်ရှိပေမဲ့ ၇ ကီလိုမီတာခွဲ ဝေးတဲ့ RER B Antony ဘူတာထိစီးရင် ၉ ယူရို နီးပါး ပေးရမှာဖြစ်ပြီး ပါရီမြို့ထဲထိကို စီးမယ်ဆိုရင်တော့ ၁၁ ယူရိုခွဲလောက် ပေးရမှာပါ၊ ခလေးခကတော့ တဝက်ဈေးပါ၊ အော်လီလေဆိပ်ကနေ ပါရီမြေအောက် မေထရို လိုင်းနံပတ် ၇ နဲ့ဆက်သွယ်ပေးမဲ့ Tramway T 7 မြေပေါ်ရထားလိုင်းကတော့ ဖောက်လုပ်ဆဲဖြစ်ပြီး ဒီနှစ်ကုန်နောက်နှစ်ဆန်း ၂၀၁၄ ခုနှစ်အစပိုင်းလောက်မှာ ဖွင့်လှစ်နိုင်မယ်လို့ သိရှိရပါတယ်၊

 La ligne Orlybus

ထုံးစံအတိုင်း လေဆိပ်ဘတ်စ်ကားတွေရှိပါတယ်၊ Orlybus နှစ်စီးတွဲဘတ်စ်ကားနဲ့ ပါရီမြို့တွင်း Denfert-Rochereau အာအီးအာ ဘီ ဘူတာကိုရောက်နိုင်ပြီး Les Cars Air France နဲ့ဆိုရင်တော့ Gare Montparnasse မွန့်ပါးနပ်စ်ဘူတာရယ် နပိုလီယံသင်္ချိုင်းဂူရှိရာ Invalides မြေအောက် ဘူတာရယ် အောင်ပွဲခံမုဒ်ဦး L’arc de triomphe နဲ့ ရှောင်ဇေလီဇေလမ်းမကြီးရှိရာ La place Charles-de-Gaulle လမ်းဆုံ မြေအောက်မေထရိုဘူတာ Charles de Gaulle - Étoile ကို သွားနိုင်ပါတယ်၊ ကားခတွေကတော့ ၇ ယူရိုအနည်းဆုံးပေးရမှာပါ၊ ရိုးရိုးပုံမှန်လိုင်းဘတ်စ်ကားလိုင်း တွေနဲ့ သွားတတ်လာတတ်တဲ့ ဒေသခံတွေအတွက်ကတော့ လက်မှတ်တစောင် ၂ ယူရိုအောက်နဲ့ ပါရီကို ရောက်နိုင်ပါတယ်၊

ပါရီမေထရိုပိုလီတန်ရဲ့ ဒီအဓိကလေဆိပ်ကြီးနှစ်ခုအပြင် ပါရီမြို့နဲ့ အနည်းငယ်အလှမ်းကွာဝေးတဲ့ Beauvais မြို့ကလေးအနီးမှာ L’aéroport de Beauvais-Tillé ဆိုတဲ့ လေဆိပ်ငယ်လေးတခု ရှိပါသေးတယ်၊ စရိတ်သက်သာတဲ့ လေကြောင်းလိုင်းတွေ ဆင်းသက်တဲ့ လေဆိပ်ငယ်လေးဆိုပေမဲ့ တနှစ်ကို ခရီးသည်ပေါင်း သုံးသန်းခွဲလေးသန်းလောက် ဝင်ထွက်ကြပြီး ပြင်သစ်ပြည်ရဲ့ ၉ ခုမြောက် အကြီးဆုံးလေဆိပ်ပါ၊ ဒီလေဆိပ်မှာ အဓိကအများဆုံး ဆင်းသက်တဲ့ လေကြောင်းလိုင်းကတော့ အိုင်ယာလန်နိုင်ငံက Ryanair လေကြောင်းလိုင်းပါ၊ သတိထားရမှာက လေယာဉ်စီးခသက်သာလို့ ဒီလေဆိပ်ကိုဆင်းတဲ့ လေယာဉ်ကို ရွေးချယ်စီးမိရင် ဒီလေဆိပ်ကနေ ကီလိုမီတာ ၈၀ ကျော်ဝေးတဲ့ ပါရီမြို့ကို ထပ်သွားရမဲ့ စရိတ်နဲ့အချိန်ကို ထည့်တွက်ရမှာ ဖြစ်တာပါ၊ ပါရီနဲ့ ဘိုးဗေးလေဆိပ်ကို SuperShuttle ကားနဲ့သွားရင် ယူရို ၃၀ ကျော်ပေးရမှာဖြစ်ပြီး ကားမောင်းချိန် ၁ နာရီခွဲ အစဉ်မသင့်
တဲ့အခါမျိုးမှာ ၂ နာရီကျော် ကြာနိုင်ပါတယ်၊ ရိုးရိုး အဲယားပို့စ်ဘတ်စ်နဲ့ဆိုရင် ၁၆ ယူရိုပေးရပါ လိမ့်မယ်၊ အငှားကားခကတော့ လေယာဉ်ခထက် နှစ်ဆလောက်များပြားနိုင်ပြီး ပျမ်းမျှခြင်း ၁၅၀ ယူရိုလောက်ပေးရမှာပါ၊ ပြင်သစ်နိုင်ငံရဲ့ပြည်တွင်းသွားလာတဲ့ ရထားခတွေကားခတွေရဲ့ဈေးနှုန်းက တခြားသောနိုင်ငံများ ဥပမာ ဂျာမဏီနိုင်ငံထက် ပိုမိုဈေးကြီးပါတယ်၊ လာရောက်ကြတဲ့ နိုင်ငံခြား ခရီးသွားတွေများပြားသလို ဈေးနှုန်းတွေကလည်း မြှင့်တင်ထားပြီး ဒီခရီးသွားလုပ်ငန်းတွေက ဝင်တဲ့ ဝင်ငွေက နိုင်ငံတော်ဘတ်ဂျက်ထဲမှာ တော်တော်များတဲ့ ရာခိုင်နှုန်းပါ၊

 La cathédrale Saint-Pierre de Beauvais

ဒါပေမဲ့ လာရောက်တဲ့ ခရီးသွားဧည့်သည်တွေ အရေအတွက်ဟာ တနှစ်တခြား ပိုမိုများလာတာဘဲ တွေ့ရတာပါ၊ အဟောင်းတွေကို ထိမ်းသိမ်းထားပြီး ပြစားတဲ့ ခရီးသွားလုပ်ငန်းနဲ့ ရပ်တည်နေတဲ့ နိုင်ငံတခုလို့ သတ်မှတ်နိုင်ပါတယ်၊ ဒီပြင်သစ်ပြည်မြောက်ပိုင်း La Picardie ပြည်နယ်ရဲ့ တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဘိုးဗေးမြို့လေးမှာလည်းဘဲ ဘိုးဗေးလေဆိပ်ထက် ပိုပြီးထင်ရှားလူသိများတဲ့ အဆောက်အဦကတော့ ၁၃ ရာစု ၁၂၇၂ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ La cathédrale de Beauvais ရိုမန်ကာသိုလိပ် ဘုရားကျောင်းကြီးဘဲ ဖြစ်ပါတယ်၊ ဒီလို ရှေးဟောင်းအဆောက်အဦ ဘာသာရေး ယဉ်ကျေးမှု အဆောက်အဦဘဲဖြစ်ဖြစ် လမ်းဘေးသစ်ပင်ဘဲဖြစ်ဖြစ် သူ့သမိုင်း သူ့ ရာဇဝင်နဲ့သူ ရှိခဲ့တာတွေကို ထိမ်းသိမ်းသင့်တာတွေကို စုပေါင်းပြီးထိမ်းသိမ်းခဲ့လို့ ယခုအခါမှာ ဥရောပတလွှားမှာ ဘယ်နေရာဘယ်ဒေသ မြို့လည်ခေါင်ဘဲရောက်ရောက် တောချုံအုံကြားဘဲ သွားသွား တောင်ပေါ်တောင်အောက် မြစ်ကမ်းချောင်းနဘေးဘဲဖြစ်ဖြစ် ခရီးလှည့်လည် သွားရောက်ချင်သူတွေကို နောက်တခေါက်ထပ်လာချင်အောင် သဘာဝအလှတွေနဲ့ ဆွဲဆောင်ထား ပါတယ်၊ ဟိုတယ်ဇုံကြီးတွေ မိုပျံတိုက်ကြီးတွေနဲ့ သွေးဆောင်ဖျားယောင်းထားတဲ့ နေရာတွေ ရှားပါး လွန်းလှကြောင်းပါ ခင်ဗျာ၊

 L’aéroport de Beauvais-Tillé

Comments