Maung Thaw Ka - Poem


မီးခြစ် တဆံ
မောင်သော်က (ခ) ဗိုလ်မှူး ဘသော်
မတ်လ ၁၆၊ ၂၀၁၃


(၁)
အနှစ်၂၀ ဆိုပါလားဟေ့ …။
အမြင်ကပ်လောက်အောင်
ကိုယ့်ကိုယ်ကိုယ် တပ်မက်စိတ်ရှိသူများက
ကြောင်သူတော်သောကနဲ့လေ…။

အနှစ်၂၀ ဆိုပါလားဟေ့ …။
ကောက်ကျစ်သော အမြင်တိုသော
ကိုယ်ကျိုးငဲ့ ရန်လိုစိတ်နဲ့ 
လူလားမြောက်လာတဲ့ အာဏာပါးကွက်သားတို့က
ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းငှာ မတတ်စွမ်းနိုင်တဲ့
ကောက်ရိုးမျှင် ဥပဒေနဲ့လေ…။

အနှစ်၂၀ ဆိုပါလားဟေ့ …။
အကောင်းအဆိုးအပေါ်မှာ
ရှက်ဖွယ်လိလိ ဥပက္ခာပြုနိုင်သူများက
ယုတ်ညံ့သိမ်ဖျင်းမှုနဲ့
မသန့်စင်သောအရာမှန်သမျှ မုသားပုဒ်မနဲ့လေ…။

အနှစ်၂၀ ဆိုပါလားဟေ့ …။
ရုပ်မှာ အာဏာနဲ့ ကျည်ဆန်
နာမ်မှာ ဖက်ဆစ်
မအောင်မြင်တဲ့ သူရဲကောင်းများရဲ့
အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့ ခုံရုံးအမိန့်နဲ့လေ…။

(၂)
“မီးပွားကလေးကနေပြီး မီးတောက်ကြီးဖြစ်လာတဲ့အခါမှာ
ကမ္ဘာမြေပေါ်မှာရှိတဲ့ အညစ်အကြေးဟူသမျှနဲ့
လူလေလူလွင့် ဂျပိုးတေလေတွေကို လောင်စားသွားလိမ့်မယ်…” (ဂေါ်ကီ)
မောင်သော်ကရဲ့ ‘မီးခြစ်တဆံ’ ဟာ
နောင် … အနှစ် ၂၀ ကြာတဲ့အခါမှာ
လောင်စာများရဲ့ ပြာနဲ့ထုဆစ်
သမိုင်းဝင်ကျောက်တိုင် ဖြစ်လာလိမ့်မယ် ။ ။

လွန်ခဲ့သည့် ၂၅ နှစ်ခန့်ကရေးသားခဲ့သည့် ဆရာမောင်သော်က၏ မီးခြစ် တဆံ ကဗျာဖြစ်ပါသည်။ မိုးမခစာဖတ်ပရိတ်သတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ ပေးပို့ပေးသူအားလည်း ကျေးဇူးတင်ပါသည်။

Comments