Maung Lu Yay - Letpadaung 5


ကြေးနီပလ္လင်တော်
မောင်လူရေး၊ မတ် ၂၇၊ ၂၀၁၃
(လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၅)
တကယ်တော့ စနစ်ဆိုတာဟာ တရားမျှတမှုကိုရှာတာပါ။ မူတွေကလဲ ဒီလိုပါဘဲ။ ဒါပေမဲ့ တရားမျှတမှုဆိုတာဟာ အဲဒီစနစ်တွေ၊ မူတွေအောက်မှာဘဲ ပျောက်ပျောက်သွားတတ် ကြတယ်။ ချစ်ဖို့ကောင်းတာက တရားမျှတမှုကိုရှာဖွေတဲ့လူသားတွေဆိုတာကလဲ မျိုးဆက်ပြတ်သွားတယ်လို့ကို မရှိတာဘဲ။ လူသားရဲ့ပန်းတိုင်က လွတ်မြောက်မှု၊ အဲဒီဟာက မတရားမှုနဲ့ မမျှတမှုနဲ့မှ ရှာလို့ မရတာကိုး။
အဲဒီတရားမျှတမှုကို စနစ်တွေ မူတွေနဲ့ပြောကြပြီဆိုတော့ အဲဒီတရားမျှတမှုဟာ တစ်ဦးတစ်ယောက် ထဲရဲ့တရားမျှတမှုမဟုတ်တော့ဘဲ ပြည်သူတရပ်လုံးအတွက် တရားမျှတမှုဖြစ်သွားပါတယ်။
အဲဒီအခါ “ သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း” ဆိုတဲ့သံဝေဂဓမ္မတာဟာ တစ်ဦးတစ်ယောက်ထဲအတွက် ဟုတ်ပေမဲ့ အများနဲ့ ယှဉ်ရင်တော့ မျှတမှုဘက်ရောက်မယ်မထင်ဘူး။
တရားမှုတမှုကို ဘယ်လိုတိုင်းမလဲဆိုရင်တော့ အကျိုးသက်ရောက်မှုနဲ့ ကြည့်ရတော့မယ်။
ပျက်လင့်ကာသာ၊ ဓမ္မတာနဲ့ကြည့်လို့မရတော့ဘူးလို့ ဆိုလိုတာပါ။ အနာဂတ် နိုင်ငံတော်ကြီးအတွက်တို့၊ နိုင်ငံတကာယုံကြည်မှုအတွက်တို့၊ တောင်နဲ့ယှဉ်ရင် လူကိုရွှေးမယ်တို့ ( တောင်မှီနေသူတွေမဟုတ် ) ဆိုတဲ့အပြော အဟောတွေကို စဉ်းစားဖို့ပါ။
အကျိုးသက်ရောက်မှုဆိုတာက ဒေသဝန်းကျင်နဲ့ အဲဒီဝန်းကျင်မှာ မှီတင်းနေထိုင်သူတွေအပေါ် ကျရောက်ထိခိုက်လွှမ်းမိုးထားတာတွေကို ပြောတာပါ။
ဆိုပါစို့  ရောဂါဘယတွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ဆက်စပ်သလား။
သတ္ထုတွင်းစီမံကိန်းကထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ရပ်ရွာနဲ့ ဘယ်လောက်တောင် နီးနေလဲ။
အဲဒီဓာတုပစ္စည်းတွေရဲ့ဆိုးကျိုးကို ဒေသခံတွေ ဘယ်လောက်သိအောင် လုပ်ပေးပြီးပလဲ။
ခြောက်လုံး၊ မြောက်လုံးတွေနဲ့ ရွှေ့ပြောင်းခိုင်းတာ၊ သဘောတူခေါင်းငြိမ့်ခိုင်းတာတွေ။ ရေ၊ လေသန့်စင်မှုကင်းမဲ့ ကျန်းမာရေးနုံ့နဲ့ရတာတွေ။ နေထိုင်ရာနေစရာတွေကျုံ့သွားလို့၊ ကျဉ်းသွားလို့ ပျော်ပါးစရာမကောင်းတော့တာတွေ။
ရပ်ရွာအာဏာပိုင်တွေဟာ စီမံကိန်းသမား၊ မူဝါဒချမှတ်သူတွေဘက်ပါသွားတဲ့အတွက် အုပ်ချုပ်ရေးအစည်းပြေ၊ ညီညွတ်လေးစားမှုလျော့သွားတာတွေ။
ရွှေ့ပြောင်းရမှုနဲ့ လူသစ်တွေဝင်လာတာမို့ ယဉ်ကျေးမှုတွေပြန့်ကျဲ ရှုတ်ထွေးသွားတာတွေ။
ရပ်ရွာသုံးတောတောင်တွေပျောက်သွားပြီး သစ်ဝါးမရတော့တာ၊ နားစရာ နေစရာပျောက်သွားတာတွေ။
ရွှေ့ပြောင်းဖြိုဖျက်ခံရတဲ့အတွက် ကိုယ်အမြတ်တနိုးတန်ဖိုးထားလုပ်ထားတဲ့၊ ထိမ်းထားတဲ့ ဘုရားကျောင်းကန်ကအစ အလေးအမြတ်ပြုစရာများပျောက်ဆုံးသွားတဲ့အတွက် နာကျင်ရတာတွေ။
စီမံကိန်းသမားတွေက ဒေသခံတွေကိုရော၊ အစဉ်အလာတွေကိုရော ဘာမှတန်ဖိုးမရှိလို့ အသုံးမကျလို့ဖယ်ခံ၊ ဖျက်ခံရတာလို့သဘောထားပြီး အထင်သေး၊ စော်ကားတာတွေ။
ဒေသခံတွေထဲမှာဘဲ အကျိုးခံစားရပုံကွဲပြားပြီး အချင်းချင်းကွဲပြား စိတ်ဆင်းရဲရတာတွေ။
ကိုယ်ကျင်လည်ရာရေမြေတောတောင်မှာ ကျင်လည်ခွင့်မရ၊ ကိုယ်ကျွမ်းကျင်ရာ လုပ်ငန်းများပျောက်ပြီး ဒုက္ခရောက်သွားတာတွေ။
အဲဒီအဖြစ်ဆိုးတာတွေကို အခြားနယ်ကသူတွေက မသိကြဘဲ စာနာနှစ်သိမ့်ပေးသူမရှိ၊ ကြိတ်မှိတ်ခံနေရရာကဘဲ စိတ်နေကြမ်းတမ်းခက်ထန်လာတာတွေ။
မိသားတစုလုံးလုပ်လို့ရတဲ့လယ်ယာလုပ်ငန်းခွင်ပျောက်ဆုံးပြီး မိသားစုအတွင်းဆက်ဆံပုံပျက်၊ မိသားစုတွင်း လက်ပါလာတာတွေ။
မြေနေရာတွေ၊ တောတောင်တွေပျောက်သွားလို့ အသီးအရွက် စားစရာ အလွယ်တကူမရနိုင်တော့ဘဲ အိမ်ဆိုင်တွေပျောက်သွားတာတွေ။
ရွှေ့ပြောင်းတည်ဆောက်နေရတာနဲ့ ကွဲကွဲပြားပြား၊ အင်အားဆုတ်ယုတ်၊ ရိုင်းပင်းဖို့ခက်ခဲ ရပ်ကူရွာကူနဲ့ အလှူရှင်ပြုမျိုးတွေတောင် လုပ်လို့မရတော့တာတွေ။
အစည်းပျက်၊ အစုပျက်ပြီး တဦးနဲ့တဦးငဲ့ကွက်စရာမလို၊ အလုပ်လက်မဲ့နဲ့အပြိုင် ရာဇဝတ်မှုတွေပါ တိုးပွားလာတာ၊ အကြမ်းဖက်မှုတွေပေါ်ပေါက်လာတာတွေ။
လျော်ကြေးငွေကြောင့်ဘဲ စိတ်ဝမ်းကွဲပြီး ရပ်ထဲရွာထဲ တင်းမာလာတာတွေ။
အဲဒီလိုမျီုး ညှိုးငယ်မှု၊ ခြောက်သွေ့မှု၊ အထီးကျန်မှု၊ တင်းမာမှု၊ ပြိုကွဲမှု၊ မရိုင်းပင်းမှု၊ အနိုင်အထက်ပြုမှု၊ မရေရာမှု၊ မကျန်းမာမှု၊ တန်ဖိုးပျောက်မှုတွေနဲ့ နေချင်စရာ မကောင်းတော့တဲ့ဒေသကြီးတခုအဖြစ် အပြောင်းလဲ ခံလိုက်ရတာအပေါ်မှာ၊ တည်ငြိမ်မျှတ သဟဇာတဖြစ်နေရာကနေ စိတ္တဇကန္တာရလွင်ပြင်ကြီးထဲ ဆက်လက်နေထိုင်သွားရတော့မဲ့ လူဦးရေသိန်းဂဏန်းအပေါ်မှာ တရားမျှတမှုဆိုတာ ဘာလဲ။
တရုတ်တွေကြေးနီနဲ့ လက်နက်ထုတ်ဖို့လား။ ဦးပိုင်တွေ တိုက်တွေ ကားတွေ ဆောက်ပြီးရင်းဆောက်၊ စီးပြီးရင်းစီးဖို့လား။ သူတို့သားမယားတွေ နိုင်ငံခြားရှော့ပင်းထွက်၊ ကျောင်းတက်ဖို့လား။
ဒါမှမဟုတ်သေးရင် အမတ်မင်းဖြိုးမင်းသိန်းပြောသလို ကြေးနီနဲ့ ပလ္လင်တော်လဲခန်းလား။
လှည်းကူးအမတ်မင်းရဲ့စကားကို နားထောင်ကြည့်ပြီး အစီရင်ခံစာရဲ့သဘောမှန်ကို လေ့လာကြအုံးစို့။
မြန်မာအင်ဒီပင်းဒင့်ဂျာနယ်၊ အမှတ်(၄၅) မှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ပြည်သူ့ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနှင့်တွေ့ဆုံခြင်းမှ ကူးပြတယ်ပေါ့ဗျာ။
         “ ပြည်သူလူထုအတွက်လည်း ရသင့်ရထိုက်တဲ့အခွင့်အလမ်းတွေ၊ အဲဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက် ရေးတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ ဖော်ပြထားတာရှိတယ်။ ဒီအပေါ်မှာ သူတို့အားရ ကြတယ်။ ဒါပေမယ့် ဒီအစီရင်ခံစာထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်း စုကြည်ကို ဒီနယ်မြေက ပြန်တုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုက ပုံစံတစ်မျိုးဖြစ်နေတယ်။ ဒါပေမယ့် ကျွန်တော် တို့ ဒီတုံ့ပြန်မှုအပေါ်မှာ ကျွန်တော်မြင်တာက ကမ္ဘာတစ်ဝန်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဒီအုပ်စုတွေကအမြဲတမ်းဒီလိုပဲ တောင်းဆိုကြတယ်။ နိုင်ငံတော်သမ္မတတွေ တွေ့ဆုံတဲ့ ပွဲကြီးတွေ။ တကယ့် International ပွဲကြီးတွေမှာလည်း ရှိပါတယ်။ ဒါဟာ အဓိကပြဿနာ တစ်ရပ် မဟုတ်ဘူး “
“နောက်တစ်ချက်က ဒီထဲမှာဆိုရင် မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ချုပ်ထားတဲ့စာချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်တစ်ရပ်ကို ဒီဦးပိုင်ဘက်ကနေလက်ခံထားတယ်။ ဒီဥစ္စာကို တကယ်တင်းမာတယ်ဆိုတဲ့လူတွေ၊ တစ်ချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်နေတဲ့ သူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်စေတနာကို သိလာတဲ့အတွက်၊ ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို နောက်တစ်ဆင့်တက်လာဖို့ အခြေအနေတစ်ခုဖြစ်စေတယ်လို့ ကျွန်တော်တို့က ယူဆ တယ်။ ဒီအစီရင်ခံစာထွက်ပြီး၊ ပြီးခဲ့တဲ့သောကြာနေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ်ဆိုတဲ့ ရလဒ်တစ်ခုထွက်လာတယ်
“ ဥပမာ- ကျွန်တော်ပါဝင်တဲ့လွှတ်တော်ရေးရာကော်မတီမှာဆိုရင် ဦးအောင်သောင်းကိုယ်တိုင် ကိုက ဒီအခြေအနေအပေါ်မှာ ဒီအစီရင်ခံစာကို ဖတ်ကြည့်မှ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လောက် စေတနာထားသလဲဆိုတာ တွေ့ရတယ်။ ထောင့်တအားကြီး စုံလွန်းအားကြီးတယ်ပေါ့။ ကဏ္ဍတိုင်း၊ ကဏ္ဍတိုင်းအစုံဖော်ပြထားတယ်။ ဒီအတွက် ဒီစိတ်စေတနာအပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတဲ့အပိုင်းကို သူတို့ဘက်က သဘောတူလာတာကို တွေ့ရတယ်။ နို့မို့ဆိုရင် ဒီအခြေအနေတွေဟာ ဖြစ်လာမှာမဟုတ်ဘူး “
တပ်ကလည်း ဒီပြင်ဆင်မှုကို ဒါဟာတိုင်းပြည်အတွက် နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်တယ်လို့ လက်ခံမှရပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ခေါင်းဆောင်ပိုင်းတွေကလည်း လက်ခံတယ်။ ဒီမိုကရေစီအင်အားစုတွေကလည်း ဒီပြင်ဆင်မှုတွေကို လက်ခံတယ်။ အဲဒီလိုလက်ခံနိုင် တဲ့ဟန်ချက်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလက်ပံတောင်းတောင်းအစီရင်ခံစာက ထည့်လိုက် တာ။ လွှတ်တော်ထဲမှာက အမြဲတမ်းရွေ့ကွက်တစ်ခုကို ကိုယ်အသာရဖို့၊ သူအသာ ရဖို့ ရွေ့ကွက် တစ်ကွက်စီ ရွေ့ကြတာ “
ဒီဟန်ချက်က ဒီလက်ပံတောင်းတောင်အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တကယ့်ကို တိုင်းပြည်အတွက် စိတ်စေတနာမှန်မှန်နဲ့ ဖော်ပြထားချက်အပေါ်မှာ တုံ့ပြန်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့ဆိုတာပါပဲ။                                                                      
တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ယုံယုံကြည်ကြည် အပ်မလဲဆိုတာ ရှိနေတယ်။ အဲဒီအခြေအနေကို ပထမဦးဆုံးဆန်တက်ပြီး ထိုးဖောက်လာတာတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒါကတော့ သမိုင်းမှာ လုံးဝမှတ်တမ်းတင်ထားရမယ့် ကိစ္စပဲ။ ဒီကိစ္စက အမြင့်ကြီးတက်သွားတယ်။ ပါတီညီလာခံမှာ မီဒီယာတွေကပြောတယ်။ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲကြွေးကြော်သံ ၃ ချက်ထဲက တစ်ချက်ကို မှိန်မှိန်လေးလုပ် သွားပါတယ်။ ဒီရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပိုင်းကို အန်အယ်လ်ဒီက မအော်တော့ပါဘူးလို့ ပြောနေတဲ့အချိန် ကျွန်တော်တို့အစဉ်အဆက် အော်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ၂၀၁၅ ခုနှစ်မှာသူဒီနိုင်ငံတော်သမ္မတ တာဝန်ကိုထမ်းဆောင်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း တရားမျှတတဲ့ ဥပဒေတစ်ရပ်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့အချက်ကို တောက်လျှောက်ပြောခဲ့တာ။ ဒါပေမယ့် နိုင်ငံရေးဆိုတာကတော့ အခြေအနေနဲ့အချိန်အခါကို သူ့ရဲ့အနေအထားအပေါ်မှာလိုက်ပြီး တော့ ပြောဆိုဆွေးနွေးကြမယ်ဆိုတာ ရှိပါတယ်။ အမြဲတမ်း ဒါကြီးပဲတောက်လျှောက် တွန်းတင် တွန်းပြောနေလို့ မရပါဘူး။ အခုဒီအဆင့်ဟာ တော်တော်ကို အရေးကြီးတဲ့အဆင့်အပြောင်းလဲမှုကို ဖြစ်စေခဲ့တယ် “ တဲ့။
ကဲ လက်ပံတောင်းအစီရင်ခံစာဟာ ဘာကို ဘယ်လို ရှုမြင်ဦးတည်ခဲ့သလဲဆိုတာ ရှင်းပါပြီ။
 နိုင်ငံရေးစနစ်တခုရဲ့နိုင်ငံရေးမျှော်လင့်ချက်ဆိုတာဟာ နိုင်ငံအပေါ်မှာ၊ နိုင်ငံ့အရေးအရာတွေ အပေါ်မှာ တက်ကြွအားကောင်းတဲ့ လုပ်ဆောင်ချက်ရှိတဲ့ တာဝန်သိနိုင်ငံသားကောင်းတွေ ထွက်လာဖို့ ဘဲဖြစ်ပါလိမ့်မယ်။ ဒါတွေဟာ ရပ်စိတ်၊ ရွာစိတ်ကဘဲ အခြေခံမှာပါ။ ရပ်ချစ်စိတ်၊ ရွာချစ်စိတ်၊ အဲဒီကမှ မြို့ချစ်စိတ်၊ နယ်ချစ်စိတ်၊ နောက် တိုင်းချစ်စိတ်၊ ပြည်ချစ်စိတ် အဲဒီလိုအဆင့်ဆင့်ဖြစ်ပေါ်လာမှာပါ။
ရပ်ရွာဟာ ချစ်စရာမကောင်းတော့ဘူးဆိုရင်….
ချစ်စရာ၊ မြတ်နိုးစရာတွေ မရှိတော့ဘူးဆိုရင်…………..
မောင်လူရေး

Comments