Maung Ko Oo - Side Track Thinking


ကန့်လန့်တွေးခြင်း
မောင်ကိုဦး၊ မတ် ၁၆၊ ၂၀၁၃
ခေါင်းစဉ်ဖတ်ပြီး ကိုတာရဲ့` ဖြန့်ထွက်တွေးခြင်း` နဲ့ ဘယ်လိုသက်ဆိုင်သလဲလို့တော့ မတွေးစေချင်ဘူး။ ဘယ်လိုမှ မဆိုင်ပါဘူး။ လက်ရှိ ခေတ်စားနေတဲ့ လက်ပံတောင်းတောင် ကိစ္စ တွေနဲ့ ပတ်သက်ပြီး ကန့်လန့် တွေးမိခဲ့တာလေးကို တင်ပြချင်တာပါ။ တွေးမိတာ ကြာပေမယ့် ကိုယ့်ရဲ့ ကန့်လန့်အတွေးကို ချမရေးဖြစ်ဘူး။ ခုတော့ `လက်ပံတောင်းကိစ္စ´ တခေတ်ဆန်းလာတာမို့ တင်ပြလိုက်တာဖြစ်ပါတယ်။
ကန့်လန့်မတွေးခင် ကန့်လန်အမြင်နဲ့ မြင်ကြည့်မယ်ဆိုရင်.. ဒီလို မြင်ရမှာဖြစ်ပါတယ်။
ခုဆို လက်ပံတောင်းတောင် အစီရင်ခံစာကြီးကလည်း ထွက်ပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံတချို့ နဲ့ နားလည်မှု လွဲတာတွေဖြစ်ကုန်ပြီ။ အမေစုထိ ဓါးကြည့် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ချစ်သူများနဲ့ ကျန် အယူအဆ မတူသူ တွေနဲ့လည်း ထပ်ကွဲကုန်ပြီ။ ဆက်လုပ်သင့်တယ်၊ ရပ်သင့်တယ်၊ ညှိသင့်တယ်၊ ဆိုတာတွေအပြင် ဆက်လုပ် သင့်တယ် ဒါပေမယ့် တရုတ် ၀မ်ပေါင်နဲ့ မဟုတ်ဆိုတာတွေလည်း ပါသေးခင်ဗျ။ သဘောထား ကွဲလိုက်တာ ကလည်း ၀က်ဝက်ကွဲ လို့ ဆိုရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို မှန်တယ်။ အမေ့ဖက်က ၁၀၀% လုံးဝ ထောက်ခံတယ်။ သူရဲကောင်းမေမေ၊ စွန့်စားဝံ့သူ အမေ ဆိုတာတွေလည်း ရှိသလို နည်းနည်းမှားတယ်၊ လုံးဝမှားတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဓါးခုတ်ရာ လက်ဝင်သျှိုခံရသူ၊ အသုံးချခံရသူ ဆိုတာလည်း ထပ်ကွဲသေးသဗျ။
ဒီကြားထဲ ဆန္ဒပြတယ်ဆိုသူတွေဖက်မှာ ရွာသားတွေအပြင် ဘယ်သူဘယ်ဝါတွေက မြှောက်ထိုးပင့်ကော် လုပ်တယ်။ ဘယ်သူတွေကတော့ ဘုမသိဘမသိ လုပ်နေတယ်။ မီဒီယာကို ဘယ်လို စော်ကားတယ်၊ ဆန္ဒပြသူတွေ ကို ၊ ဆန္ဒပြပွဲဖြစ်အောင်လုပ်တဲ့သူတွေကို ပြည်ပက ဘယ်သူ ဘယ်ဝါတွေက ထောက်ပံ့နေတယ်။ ဆိုတာတွေက လည်း အမြင်တွေ အားပါးတရ ထပ်ကွဲ ပြန်ပါသေးတယ်။
ကဲ. . ကန့်လန့်တွေးကြည့်ရအောင်..။ ကျနော်တို့ဟာ `ဒီမိုကရေစီသမား´ `တော်လှန်ရေးသမား´ `အမေစုချစ်သမား´ `ပွင့်လင်းသမား´ မဟုတ်ပဲ လက်ရှိ အုပ်စိုးသူ၊ အာဏာခိုင်မြဲအောင် ထိန်းသိမ်းလိုသူ ဖက်က ဆိုပါတော့ခင်ဗျာ။ (ရုပ်ရှင်တွေမှာ မင်းသား ဖက်ကချည်း တင်ပြတာမျိုးမဟုတ်ပဲ လူကြမ်း ဗီလိန်ဖက်ကို အသားပေး ရိုက်တာမျိုးပေါ့)
လက်ရှိ လက်ပံတောင်းတောင်ကိစ္စကို ဘယ်လိုကစားမလဲ။ ဘယ်လိုအသုံးချမလဲ။ တဖက်က လူကောင်း သူကောင်းတွေကို ဘယ်လိုအလဲထိုး အမြတ်ယူမလဲ။ ဘယ်လို ပရိယာယ်သုံးမလဲ (ဘယ်လိုကလိမ်ကကျစ် ကျမလဲ) ပေါ့ခင်ဗျာ။ လက်တလော အခြေအနေလေးတွေကတော့.. အားရစရာပါပဲ။
ဒီမိုကရေစီအင်အားစု ခွပ်ဒေါင်းတွေ မျက်ဖြူဆိုက်နေတဲ့ကိန်းဆိုတော့ ခြင်္သေ့ အကြိုက်ပေါ့ဗျာ။ ဆိုတော့.. ဒီပြသနာနဲ့ ပတ်သက်ပြီး လုပ်လို့ရတဲ့အကွက်တွေက...
(၁) လက်ရှိအခြေအနေလေးအတိုင်း မျှောထားပြီး တူးဖေါ်ရေးကိစ္စတွေ ဆက်အကောင်အထည်ဖေါ်။ တောင်းဆိုတာတွေကို မတတ်သာမှ နည်းနည်းပါးပါး လုပ်ပေး။
(၂) မသိချင်ယောင်ဆောင်ပြီး ဆက်လုပ်၊ ဥပဒေအရ တောင်းဆိုရမှာကို .. ဘောင်ကျော်လာအောင် ဆွ ပေး၊ ဥပဒေအပြင်ဖက်ရောက်ပြီလို့ ပြောလို့ရတာနဲ့ ပြင်းပြင်းထန်ထန်နှိမ်နင်း
(၃) ဒေသခံတွေရဲ့ တောင်းဆိုမှုတွေထဲက (အရေးမကြီး မထိခိုက်လောက်တဲ့ အချက်တွေကို) လိုက်လျော သင့်တာလောက်ကို လုပ်ပေးပြီး နာမည်ကောင်းယူ
(၄) ၀ပ်ပေါင်ကုမ္မဏီနဲ့ လက်ဝါးရိုက်(အပေးအယူလုပ်)ပြီး ဒေသခံတွေလည်း ချော့လိုက် ခြောက်လိုက် မြှောက်လိုက်လုပ်ရင်း (ဖျံ နှစ်ကောင်ရဲ့ ငါးကြင်းကို ခွဲဝေပေးတဲ့ မြေခွေးလို) ရနိုင်သမျှ ညှစ်ယူ
(၅)ဆန္ဒပြပွဲတွေ မရပ်ပဲ ဆက်တိုက်ဖြစ်ပြီး တစစ ကြီးထွားအောင်လုပ်၊ နောက်ဆုံးမှာ ဧရာဝတီလို အကန့်အသတ် တခုအထိ ပိတ်ပြီး နာမည်ကောင်းယူ... စတဲ့ အခွင့်ကောင်းတွေ တလှေကြီး ရရှိနေပြီဖြစ်ပါတယ်။
အချက် (၁-၂-၃) တွေက လုပ်ခဲ့ပေါင်းများလို့ ရိုးရှင်းနေပြီ။ ဒီလိုလုပ်မယ်ဆိုလည်း အဆင်ပြေတယ်။ (၄) အချက်ကို လုပ်မယ်ဆိုလည်း အီအီဆိမ့်ဆိမ့် စားနိုင်မယ့် အခြေအနေဖြစ်ပါတယ်။ အချက် (၅)ကတော့ အချိုမြိန်ဆုံး ပေါ့ဗျာ။ အဲဒီလိုသာ လုပ်လိုက်မယ်ဆိုရင်..
(၁) ပြသနာထဲ ထိုးကျွေးထားတယ်လို့ ဆိုနေကြတဲ့ ကော်မရှင်ကို အလဲထိုးပြီးဖြစ်မယ်။ (လူထု ထောက်ခံမှု အပြည့်ရှိတဲ့ အင်အားအကြီးဆုံးပြိုင်ဖက်ကို တံတွေးဆွတ်လိုက်နိုင်မယ်)
(၂)လူထုထောက်ခံမှု ယုံကြည်အားကိုးမှုက ပိုရရှိပြီး (ဧရာဝတီနဲ့ လူထုကို ဆွဲစားလိုက်နိုင်သလိုမျိုး) ၂၀၁၅ အတွက် ထောက်ခံမှုက ထူထူထဲထဲ ရလာနိုင်မှာ ဖြစ်ပါတယ်။
(၃)တရုတ်နဲ့ပြိုင်ဖက်ဖြစ်တဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ၊ တရုတ်အပေါ်အစာမကြေတဲ့ ဂျပန် အပါအ၀င် အရှေ့နိုင်ငံတွေရဲ့ ထောက်ခံအားပေးမှုကိုလည်း ပိုပြီး ရရှိလာနိုင်စရာ ရှိပါတယ်။
ဒါကြောင့်.. ကိုယ်သာ ဗီလိန်ဆိုရင်.. လက်ပံတောင်းတောင်အရေးကို ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပြီး ကြီးထွားအောင်လုပ်၊ တရုတ်ကုမ္မဏီကြီးကို ချနင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထိုးကြွေး၊ ၂၀၁၅ အတွက် ကင်းပေါက် ကစားနိုင်တဲ့ အကွက်ဖြစ်သွားလေမလားလို့ ကန့်လန့်တွေး မိကြောင်းပါဗျား......။
မှတ်ချက်။ ။ဒီလူတွေ ဒီကိစ္စကို ဒီလိုညစ်မကစားနိုင်အောင် ဘယ်လို လုပ်သင့်တယ်။ ဘယ်လို ညီညွတ် သင့်တယ်။ ဘယ်လို ကာကွယ်သင့်တယ်၊ ဘယ်လိုတောင်းဆိုသင့်တယ်၊ ဘယ်လို ထိန်းသိမ်းသင့်တယ်၊ ဘယ်လို ခရီးဆက်သင့်တယ်ဆိုတာတွေကိုတော့.... `အဖြောင့်တွေးသူများ´ `အမျှော်အမြင်ရှိသူများ´က ၀ိုင်းဝန်းဆွေးနွေး အဖြေရှာပြီး အကောင်းဆုံးကို ဆောင်ရွက်အကောင်အထည်ဖေါ်နိုင်လိမ့်လို့ ယုံကြည်မိပါကြောင်း။
မောင်ကိုဦး

Comments