Kyaw Thu - FFSS Yangon Activity,


မျောက်ဖိုးစိန်လေးလိုတော့ မကနိုင်တော့ပြီ
ကျော်သူ
မတ်လ ၂၈၊ ၂၀၁၃



မိတ္ထီလာတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးသည့်နောက် ၂၄.၃.၂ဝ၁၃ ရက်နေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူအချို့တို့မှ သွားရောက်၍ ကူညီအားပေးစကား ပြောကြားသည့် အချိန်တွင် ကျွန်တော် (ကျော်သူ)နှင့် အသင်းသူ/သားအချို့သည် ယခင်ကတည်းက လူမှုရေးပရဟိတ ဟောပြောပွဲများ လာရောက်ဟောပြောပေးရန်အတွက် ကြိုတင်ချိတ်ဆက်ထားမှုကြောင့် ပြည်မြို့သို့သွား ရောက်ခဲ့ရသည်။ ကျွန်တော့်အား ဖိတ်ကြားထားသော ပြည်မြို့ဝန်းကျင်ရှိ ပေါင်းတလည်၊ ရွှေပေါက်ပင် ကျောင်း (နိဗ္ဗာန်ဈေး)၊ ပေါင်းတည်၊ ဇီးကုန်း၊ ဖရဲ၊ ကြံခင်း၊ ပုတီးကုန်း (မီးသင်္ဂြိုလ်စက်)ဖွင့်ပွဲ၊ ဆင်မြှီးဆွဲ၊ ပခုက္ကူ၊ မန္တလေးတိုင်း စကျင်မြို့မှ တဆင့် ချင်းပြည်နယ် ဂန့်ဂေါ၊ ဟားခါး၊ ဖလန်း၊ ကလေးမြို့များသို့ သွားရောက်၍ ဟောပြောရမည်ဖြစ်သောကြောင့် ၂၅.၃.၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်မြို့မှ ပြည်မြို့သို့ ထွက်ခွါခဲ့ရသည်။ ယင်းနေ့ ည (၇း၃ဝ) နာရီအချိန်တွင် ပေါင်းတလည်မြို့ စာပေဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့ခံမိဘပြည်သူလူထု (၅ဝဝဝ) ကျော်ခန့်သည် ဟောပြောပွဲစင် ဘေးတစ်ဖက်ရှိ လမ်းမကြီးတစ်ခုလုံး ပိတ်ဆို့သွားသည်အထိ ပရိသတ်များ လာရောက်အားပေးခဲ့သည်။ 

၂၆.၃.၂ဝ၁၃ ရက် နေ့ နံနက်ပိုင်းတွင် ပြည်မြို့ရွှေပေါက်ပင်ကျောင်းဝင်းအတွင်း၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် တပေါင်းလပြည့် နိဗ္ဗာန်ဈေးပွဲတော်ကြီးတွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူဒါန ဆိုင်ခန်းတစ်ခု ဖွင့်လှစ်ကာ သောက်ရေခွက်(စတီး)၊ ဇလုံ(စတီး)၊ ပန်းကန်ပြား(စတီး)၊ လင်ဗန်း(စတီး)များအပြင် 2013 Kyaw Thu 1st BreakOut Calendar အပါအဝင် ပစ္စည်းအရေအတွက် (၅ဝဝ) ကျော်ခန့်အား မဲဖောက်လှူဒါန်းပေးခဲ့ သည်။ ရွှေပေါက်ပင်ဆရာတော်ကြီးထံသို့လည်း သင်္ကန်း၊ ထီး၊ ဖိနပ်၊ နေကထိုင်နှင့် အလှူငွေကျပ် (၃) သိန်းအား ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ည (၇းဝဝ) နာရီအချိန်တွင် ဇီးကုန်မြို့ စာပေဟော ပြောပွဲ ကျင်းပမည်ဖြစ်သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများတို့သည် ညနေ (၄းဝဝ) နာရီအချိန်တွင် ၂၅.၃.၂ဝ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကြို့ပင်ကောက်မြို့ ဆူပူအကြမ်းဖက်မှု ဂယက်များကြောင့် ဇီးကုန်းမြို့တွင်လည်း ၂၆.၃.၂ဝ၁၃ ရက်နေ့ ည (၇းဝဝ) နာရီအချိန်တွင် ကျင်းပမည် ဖြစ်သော ကျွန်တော် (ကျော်သူ)၏ စာပေဟောပြောပွဲ အခမ်းအနားပြီးဆုံးသည်နှင့် တပြိုင်နက်တည်း အကြမ်းဖက်မှုအဖျက်လုပ်ငန်းများ စတင်မည်ဟု သတင်းကြားသိရှိရသည့်အတွက် ဒေသခံ မိဘပြည်သူ အပေါင်းနှင့် ညှိနှိုင်း၍ ဟောပြောပွဲအစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။ 

မိမိတို့ ထင်မြင်ထားသည့်အတိုင်း ယင်းညတွင် ဇီးကုန်းမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျန်ရှိနေသော ဖရဲ၊ ကြံခင်း၊ ပုတီးကုန်း၊ ဆင်မြှီးဆွဲ၊ ပခုက္ကူ စသည့်မြို့များတွင် ပြုလုပ်မည်ဖြစ်သော ဟောပြောပွဲ အစီအစဉ် များအား ကျွန်တော်သည် ဆက်လက်ဟောပြောခြင်း မပြုလုပ်တော့ဘဲ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တည်ရှိရာသို့ ၂၇.၃.၂ဝ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အသင်းသူ/သားများနှင့်အတူ ပြန်လည်ထွက်ခွါခဲ့တော့သည်။

အကြောင်းမှာ ယခုဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်လုပ်ရပ်များသည် မြို့ခံ၊ နယ်ခံ ပြည်သူတို့မှ စတင်ခြင်းမဟုတ်ဘဲ ပြင်ပမှသူစိမ်းများ ဒေသအတွင်းသို့ ရဲတင်းစွာဝင်ရောက် သွေးထိုးလှုံ့ဆော်မှုကြောင့် ၄င်း၊ အစိုးရဌာနဆိုင်ရာများမှလည်း လက်ရှိအခြေအနေဆိုးကြီးတွင် စတိတ်ရှိုးများ၊ ကပွဲသဘင်များ၊ စာပေ ဟောပြောပွဲများအား တရားဝင်ပြုလုပ်ခွင့် ပေးထားခြင်းသောကြောင့်၎င်း၊ စတိတ်ရှိုးများ၊ ကပွဲများ၊ စာပေ ဟောပြောပွဲများသည် ကြည့်ရှု့သူအပေါင်းတို့အား သွေးကြွစေခြင်း၊ စိတ်ဓာတ်ထကြွစေခြင်း၊ ခန္ဓာကိုယ် သွေးများဆူပွက်စေခြင်း စသည့်ဦးတည်သော ရည်ရွယ်ချက်များ ဖြစ်စေခြင်းကြောင့်၎င်း ပြဿနာ တစ်စုံ တစ်ရာ ဖြစ်ပေါ်လာခဲ့ပါက ဒေသခံ မိဘပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်၊ စားဝတ်နေရေး စသည့် နောက်ဆက်တွဲ အဖြစ်ဆိုးများနှင့်သာ ကြုံတွေ့ရမည်ဖြစ်သည်။ ယခုဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဆူပူမှု များကို ပြန်လည်သုံးသပ်သော် မိတ္ထီလာမှတဆင့် ရမည်းသင်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်သလင်း စသဖြင့် တစ်မြို့နှင့်တစ်မြို့ ကူးစက်အကြမ်းဖက်မှုတို့ကို စိုးရိမ်ဖွယ်ရာ မျက်မြင်တွေ့ရှိနေ ရသည်။

ထို့ကြောင့် ဤကဲ့သို့ အကြမ်းဖက်ကွန်ယက် ဆက်နွယ်မှုတို့သည် ကျွန်တော်တို့ မြန်မာနိုင်ငံ အတွက် အစိုးရိမ်ရဆုံး၊ အန္တရာယ်အကြီးမားဆုံးသော အချိန်ကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သုံးသပ်မိတော့သည်။ အကယ်၍များ ဤဖြစ်ရပ်ဖြစ်စဉ်များသည် မိမိနှင့်မဆိုင်၊ မိမိနှင့်မပတ်သက်ဟူသော အတ္တသမားတစ်ယောက်၏ အတ္တဝါဒီခံယူချက်ဖြင့် “ငါဆိုမည့်ပွဲ၊ ငါကမည့်ပွဲ၊ ငါဟောမည့်ပွဲတွေကို သက် ဆိုင်ရာမြို့နယ် အာဏာပိုင်တွေကတောင် ခွင့်ပြုချက်ပေးထားတာဘဲ၊ ပွဲပါမင့် ကျပြီးသားဘဲ၊ ဒေသခံတွေ ကလည်း တောင်းတနေတာဘဲ… ဒါကြောင့် ငါကတော့ ကမှာဘဲ၊ ဆိုမှာဘဲ၊ ဟောမှာဘဲ” ဟူသော စိတ်ဓါတ်ခံယူချက်မျိုးဖြင့် ကပြ၊ ဟောပြော အသုံးခံမည်ဆိုပါက စိုးရိမ်စိတ် ကြီးထွားနေကြသော ပြည်သူ လူထုတို့အား စော်ကားခြင်း (သို့) အကြမ်းဖက်လှုပ်ရှားမှုကို အားပေးလှုံ့ဆော်ခြင်းဟူသော ကြံရာပါ တရားခံအဖြစ် မြန်မာ့သမိုင်း၏ တရားခံဆိုးထဲတွင် ပါဝင်သွားပေလိမ့်မည်။ ကမ္ဘာ့အလယ်တွင်လည်း မြန်မာလူမျိုး၊ မြန်မာနိုင်ငံဟူသည် ကြောက်စရာကောင်းသော နိုင်ငံလူမျိုး၊ လူသားချင်းစာနာစိတ် ကင်းမဲ့သော နိုင်ငံလူမျိုး၊ မငြိမ်းချမ်းသော နိုင်ငံလူမျိုးဟူ၍ မျက်နှာငယ်ရပေတော့မည်။ ထိုသို့ အကြမ်း ဖက်မှုအား အားပေး၊ လှုံ့ဆော်၊ တိုက်တွန်း၊ ပါဝင်လှုပ်ရှားသော သူအပေါင်းတို့သည်လည်း ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရားတင်မကဘဲ ဘာသာပေါင်းစုံတို့၏ ငြိမ်းချမ်းမှုကိုလိုလားသော ဘုရားသခင်တို့အား စော်ကားခြင်းလည်းမည်ပေသည်။ ထို့ကြောင့် ကျွန်တော်သည် လူမှုရေးပရဟိတ ဟောပြောပွဲများအား ခက်ခက်ခဲခဲ စီစဉ်ဆောင်ရွက်ပေးထားသော မြို့ရွာအသီးသီးတို့၏ ကြိုတင်ဖိတ်ကြားထားမှုတို့အား စိတ်မ ကောင်းစွာဖြင့် မြန်မာနိုင်ငံအရေး၊ မြန်မာပြည်သူလူထုအရေးတို့အတွက် အချိန်ကာလတစ်ခုကို ပြောင်း ရွှေ့မှုကို ပြုလုပ်ခဲ့ရတော့သည်။

ငယ်စဉ်ကလေးဘဝက မိဘ၊ အဘိုးအဘွားတို့မှ ကလေးငယ်လေးများအား နောက်ပြောင်ကျီစယ် ဆော့ကစားခဲ့သော “ရှေ့ဂျွမ်းလေးထိုးပါဦး … နောက်ဂျွမ်းလေးထိုးပါဦး … မျောက်ဖိုးစိန်လေးရေ” ဟူသော မြှောက်ပင့်ကျီစယ်၊ ဆိုခဲ့သော စကားလေးအတိုင်း အနုပညာရှင်များ၊ စာပေပညာရှင်များ၊ နိုင်ငံရေး သမားများအနေဖြင့် ယခုလက်ရှိတိုင်းပြည်အတွက် စိုးရိမ်ရသော အခြေအနေတွင် ပွဲပါမင့်များ ခွင့်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ မိမိတို့၏ အတ္တများကိုဖြုတ်၍ အများအကျိုးအား ရည်သန်သော စိတ်စေတနာ တို့ဖြင့် ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်မြို့နယ်၊ ကိုယ့်နိုင်ငံအတွက် ပြင်ပပယောဂများ မဝင်ရောက်နိုင် ရန်အတွက် စည်းလုံးညီညွတ်စွာ ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ကြရန်နှင့် “ရှေ့ဂျွမ်းလေးထိုးပါဦး၊ နောက်ဂျွမ်းလေးထိုးပါဦး၊ မျောက်ဖိုးစိန်လေးရေ” ဟူ၍ ချော့မြူတိုင်း မကမိဖို့ အရေးကြီးပါကြောင်း ပရဟိတစိတ်ထားဖြင့် အသိပေးနှိုးဆော်လိုက်ပါတော့သည်။

Comments