Kyaw Home - Poem

ကယ်ရီကာချားများ
ကျော်ဟုန်း
မတ်လ ၁၀၊ ၂၀၁၃


ငါက ...
ငါ့ ပုံရိပ်စစ် သေးသေးလေးကို
အကျယ်ချဲ့ဖို့ အတွက်
အဏုကြည့်မှန်ပြောင်းနဲ့ 
ဘယ်သူ့ ကိုမှ မကြည့်ခိုင်းခဲ့ဘူး။

ငါက ...
စကြာဝဠာကြီးကိုတော့
ထောင့်စုံ ဘက်စုံ အနုလုံပဋိလုံ
အဏုကြည့်မှန်ပြောင်းကြီးနဲ့ 
အမြဲတမ်းကို ကြည့်နေခဲ့။

ကိုယ်တခြမ်းပဲ့ လူတွေ မြင်တယ်
ကိုယ်နှစ်မွှာပူး လူတွေ မြင်တယ်။

ကိုယ်ထည်မရှိ-အရိပ်ပဲရှိတဲ့ လူတွေ မြင်တယ်
ခေါင်းလုံးလုံးမပါတဲ့ လူတွေ မြင်တယ်။

နှဖူးပေါ်မှာ မျက်လုံးတလုံးအပိုပါတဲ့ လူတွေ မြင်သလို
နောက်စေ့မှာ မျက်လုံးတလုံးအပိုပါတဲ့ လူတွေ မြင်တယ်။

ဦးနှောက်အပိုပါတဲ့လူတွေ မြင်သလို
ဦးနှောက်ဗလာနဲ့  လူတွေ မြင်တယ်။

အသည်းမရှိ- အသက်ပဲရှိတဲ့ လူတွေမြင်သလို
အသည်းကြီးကြီး-အသက်တိုတို လူတွေ မြင်တယ်။

ငါကိုယ်တိုင်လဲ
ဘယ်အမျိုးအစားထဲ ပါသလဲ
ခေါက်တွန့် ကြေးမုံခုံးခွက်ရှေ့ ရပ်
အဏုကြည့်မှန်ဘီလူးတပ် ကြည့်လိုက်မိ
လုံးဝ ဟာသ မပါလဲ
ကောင်းကင်ကြီးကြားအောင် ရယ်လိုက်မိပေါ့။     ။

Comments