Wednesday, May 22, 2013

Kyaw Thu - FFSS Yangon Activity,

ဗြဟ္မစိုရ် ဓါး
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မေ ၂၃၊ ၂၀၁၃


ကမ္ဘာ့နိုင်ငံအသီးသီးတို့၌ ပညာရေးကဏ္ဍအားတိုးမြှင့်၍ နိုင်ငံထူထောင်ရာတွင် စွမ်းအားမြှင့်သော လက်နက်တစ်ခုအဖြစ် အသုံးချလေ့ရှိသည်။ ထိုလက်နက်အတွက် အသုံးချသော ဆောင်ပုဒ်အသီးသီးတို့ ရှိသည့်အနက် “ပညာရွှေအိုး လူမခိုး” ၊ “လက်ဦးဆရာက မိဘ၊ ဒုတိယဆရာက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ။ တတိယဆရာက စာအုပ်စာပေ” ၊ “မိခင်၏ နှလုံးသားသည် ရင်သွေးငယ်၏ ကျောင်းခန်းဖြစ် သည်။” ၊ “ပညာသင်ရာမှာ အရှက်တရားဟာ ရန်သူပါ” ၊ “အရေးကြီးတဲ့လုပ်စရာတွေ အများကြီးရှိတယ်။ ကောင်းတဲ့စာပေတွေ လေ့လာရမယ်။ ဘဝနဲ့ပတ်သက်ပြီး လေးနက်တဲ့ကိစ္စတွေ ဆွေးနွေးရမယ်၊ စဉ်းစား ရမယ်။ အတတ်ပညာ၊ အသိပညာအမျိုးမျိုး လေ့လာရမယ်၊ လေ့ကျင့်ရမယ်။” ဆိုသော ဆောင်ပုဒ်များ ရှိခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီ နိုင်ငံတော်သစ်ထူထောင်မှုတွင် ပညာရေးဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းရှိ၍ ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်သစ် ထူ ထောင်ရာတွင် နိုင်ငံတော်အစိုးရ တစ်ဦးတည်းတွင် တာဝန်ရှိသည်မဟုတ် ပြည်သူလူထုတစ်ဦးချင်း၏ တာဝန်စည်းကမ်းရှိမှုအပြင် ကျွန်တော်တို့ အစိုးရမဟုတ်သော အရပ်ဘက်လူ့အဖွဲ့အသီးသီးတို့လည်း တာဝန်ရှိပေသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် နာရေး၊ ကျန်းမာရေး၊ သဘာဝ ဘေး၊ စစ်ဘေးတို့အပြင် ပညာရေးကဏ္ဍ တိုးတက်မှုအတွက် တစ်ဖက်တစ်လှမ်း အင်အားဖြည့်ပေးလျှက် ရှိသည်။


ထိုသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “သုခအလင်း ပညာဒါန”မှ လူမှုရေးသမားများ၊ ပရဟိတ ဆရာ/ဆရာမများနှင့် ပညာဒါနအလှူရှင်များ အင်အားတို့ဖြင့် ပြုလုပ်ခဲ့သော ပညာဒါနလုပ်ငန်းရပ်များနှင့် ပတ်သက်၍ “သုခအလင်း ပညာဒါန” ဟူ၍ အမည်တပ်ကာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အစ အမေ့အိမ် ပညာရေးကျောင်းများ၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ၊ တက္ကသိုလ်ဝင်တန်းပညာ ရေး၊ ဆေးကျောင်းတက်ရောက်နေသော ဆရာဝန်လောင်းလျာများအတွက် ဆရာဝန်ဖြစ်သည်အထိ ဂုဏ် ပြုချီးမြှင့်မှုများ၊ ဘွဲ့ရကျောင်းသား/သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် LCCI စာရင်းကိုင်ပညာသင်တန်းများ၊ ဟိုတယ်ဝန်ဆောင်မှု (Hospitality) သင်တန်း၊ ကွန်ပြူတာသင်တန်း၊ 4Skills သင်တန်း၊ ပန်းချီသင်တန်းများနှင့် ကလေးသူငယ်များအတွက် အနာဂတ်တွင် အလိုအပ်ဆုံးသော ယဉ်ကျေးလိမ္မာသင်တန်းများအား (အခမဲ့) သင်ကြားပို့ချပေးကာ အနယ်နယ်အရပ်ရပ်ရှိ ဆရာ/ဆရာမများ အတွက်လည်း (TOT) သင်တန်းများအားလည်း (Camp) သွင်း၍ သင်ကြားပေးလျက်ရှိသည်။ နယ်ဒေသ များရှိ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များအတွက်လည်း စာအုပ်၊ စာပေများအား စဉ်ဆက်မပြတ် လှူဒါန်း မှုများကို ပြုလုပ်ပေးလျှက်ရှိကာ နယ်လှည့်ပညာ သင်ကြားမှုများအားလည်း ပရဟိတဆရာ/မများနှင့် လက်တွဲ၍ နယ်ဒေသများသို့သွားရောက်၍ ပညာဒါနပြုလုပ်ပေးကာ အချို့ဒေသများ၌ ပျက်စီးယိုယွင်း နေသော အစိုးရစာသင်ကျောင်းများအားလည်း ပြန်လည်ဆောက်လုပ် လှူဒါန်းပေးသော စသည့်ကဏ္ဍ များအား လုပ်ဆောင်ပေးဆပ်ခဲ့ကြသည်။


အခါအားလျှော်စွာ မြန်မာပြည်တွင်းရှိ နယ်ဒေသအသီးသီးသို့ သွားရောက်၍ လူမှုရေးပရဟိတ ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်ဖွင့်ပွဲများသို့လည်း တက်ရောက်ဖွင့်လှစ် အားပေးစကားများ ပြောကြားခဲ့ကြသည်။ ၂ဝ၁၃ ခုနှစ်၊ မတ်လခန့်က မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ပြင်ဦးလွင် စသည့် မြို့များသို့သွားရောက်ပြီး ကျွန်တော်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေး သမားများဖြင့်သွားရောက်ကာ လူမှုရေးပရဟိတဟောပြောပွဲများ ပြုလုပ်ခဲ့ရာတွင် မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်ရှိ “ဇွဲသစ်” (အခမဲ့) ပညာဒါနစာသင်ခန်းအား သွားရောက်လေ့လာခဲ့သည်။ ယင်းစာသင် ကျောင်းဆောင်လေးအား မဇာဇာထွန်း M.Com, PGDMC(SG), MYOB(UK)DMM(MRCC) အစရှိသည့် ဘွဲ့ထူးဂုဏ်ထူးများ ရရှိထားသော အသက် (၃ဝ) ကျော်အရွယ် အမျိုးသမီးငယ်မှ သူငယ်ချင်းဖြစ်သူ မကေ သီအောင် B.A (Eng;)နှင့် မဇင်မာထွေး B.Sc (Maths;) အသက် (၂ဝ) ဝန်းကျင် အရွယ် အမျိုးသမီး (၃) ဦးတို့မှ ဦးဆောင်ဖွင့်လှစ်ထားပြီး “ဇွဲသစ်” စာသင်ခန်းတွင် ကျောင်းသား/သူ ကလေးငယ် (၃ဝဝ) ဦးခန့် တက်ရောက်၍ ပညာသင်ကြားလျှက်ရှိသည်။ နေ့ထူး၊ နေ့မြတ်မှလွဲ၍ ပိတ်ရက်မရှိ သင်ကြားပေးလျှက် ရှိပေသည်။ “ဇွဲသစ်” စာသင်ခန်းလေး၏ ပံ့ပိုးကူညီပေးမှုတို့ကြောင့် အနာဂတ်ကလေးငယ်လေးများ၏ မရှိ မဖြစ်လိုအပ်သော စာရိတ္တ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ပညာရေးများကို အထောက်အကူဖြစ်စေခဲ့သည်။ “ဇွဲသစ်” သို့လာရောက်ကြသော ကလေးငယ်များ ပညာရေးတိုးတက်မှု၊ စာရ၍ ပျော်ရွှင်သွားကာ စိတ်အား တက်ကြွသွားမှုများကို မြင်တွေ့ရသောအခါ သင်ကြားပေးသော ဆရာ/မများ လွန်စွာမှ ပီတိဖြစ်ရကြောင်း သိရှိခဲ့ရသည်။ ၄င်းကလေးငယ် (၃ဝဝ) ဝန်းကျင်ခန့်သည် ဆင်းရဲနွမ်းပါးလှသော မိသားစုအသိုင်းအဝိုင်းမှ မွေးဖွားလာကြသည့် ပညာရေးကို လိုလားကြသော ကလေးငယ်များလည်းဖြစ်သည်။ “ဇွဲသစ်” (အခမဲ့) ပညာဒါန စာသင်ဆောင်လေးသည် ပညာလာရောက်သင်ကြားကြသော ကလေးငယ် (၃ဝဝ) အင်အားနှင့် မျှတမှုမရှိပေ။ အမိုးအကာ ယိုင်နဲ့နေမှုတို့ကို တွေ့မြင်ခဲ့ရသည်။ ထိုကဲ့သို့ ယိုင်နဲ့နေသော ကျောင်းဆောင် ငယ်လေးအတွင်း အနာဂတ်ကလေးငယ်များ၏ အင်တိုက်အားတိုက် ရွတ်ဆိုနေကြသော အနာဂတ် တိုင်းပြည်အတွက် စိတ်ဓာတ်တက်ကြွဖွယ် သီချင်းသံ၊ စာရွတ်သံ၊ စာဖတ်သံတို့သည် ထိုအင်အားချိ့နဲ့ နေသော ကျောင်းဆောင်ငယ်လေး ပြိုကျသွားမတတ် ပဲ့တင်ထပ်နေတော့သည်။ ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများမှ မိမိတို့နှင့်အတူတကွ သယ်ဆောင်လာသော ခဲတံ၊ ဗလာ စာအုပ်နှင့် ကလေးငယ်များအား သြစတြေးလျနိုင်ငံရှိ မူလတန်းကလေးငယ်များအား သင်ကြားပေးနေ သော ဆရာမ ဒေါ်ယင်းမာဇော် ရေးသားထားသည့် သင်ရိုးညွှန်းတမ်းစာအုပ်အား တတ်နိုင်သလောက် လှူဒါန်းခဲ့ကာ ကျွန်တော်တို့၏ လူမှုရေးဟောပြောပွဲခရီးစဉ်များအား စတင်ခဲ့တော့သည်။




ခရီးလမ်းတစ်လျှောက် ကျွန်တော်တွေးတောမိနေသည်။ ပရဟိတဆရာ/မများ၏ အနစ်နာခံ၊ အနွံတာခံ၊ ကရုဏာထား၍ ပညာတတ်ကြီးများဖြစ်စေလိုသော စိတ်ဆန္ဒများနှင့် ပညာရေးအား အပတ် တကုတ် ကြိုးစားပမ်းစား သင်ကြားလိုသော ပညာရေးအား ငတ်မွတ်ခေါင်းပါးနေကြသော အနာဂတ် ကလေးငယ်များ၏ ဘဝများကို တွေးတောနေမိသည်။ ကျွန်တော်တို့ နာရေးကူးညီမှုအသင်း(ရန်ကုန်) အနေဖြင့် မြန်မာပြည်အရပ်ရပ်ရှိ ပြည်သူလူထုတို့ လိုလားချက်များအား နာရေး၊ ကျန်းမာရေး၊ သဘာဝ ဘေး၊ ရေဘေး၊ စစ်ဘေးဒုက္ခ၊ အရေးပေါ်ကယ်ဆယ်ရေးစသည့် ကဏ္ဍများအား မိမိတို့အား အလှူရှင်များမှ လှူဒါန်းထားသော အလှူငွေများကို ခွဲခြားကန့်သတ်စီစစ်၍ ပံ့ပိုးကူညီပေးဆပ်မှုများကို အချိုးကျ ပြုလုပ်ရ သည်ဖြစ်၍ ဆရာမ မဇာဇာထွန်း ဦးစီးတည်ထောင်ထားသော “ဇွဲသစ်” (အခမဲ့)ပညာဒါန စာသင်ခန်းအား စာသင်ကျောင်းဆောင်အဖြစ် သီးခြား မြေကွက်တစ်ကွက်တွင် စာသင်ကျောင်းအဖြစ် တည်ဆောက် လှူဒါန်းမှုပြုပေးရန် အခက်အခဲဖြစ်ခဲ့ရကြောင်း ဝမ်းနည်းစွာ တွေးတောမိသည်။ ထိုစဉ် မဇာဇာထွန်း ကျွန်တော့်အား ပြောကြားခဲ့ဖူးသော “ဓားတစ်လက်သမိုင်း” အား ဖြတ်ခနဲ ပေါ်လာတော့သည်။


“ဓား တစ်လက်သမိုင်း”

ဦးကံပွင့် + ဒေါ်ဖွားမြစ်မှ ဘဘ ဦးထွန်းတင်အား (………) နေ့တွင် မန္တလေး၌ ဖွားမြင်ခဲ့သည်။ လူမှုရေးလုပ်ငန်းများဖြစ်သော မလွန်ဆန်လှူအသင်းတွင် စာရင်းကိုင်၊ မြင်းစီးကလပ်တွင်လည်း စာရေး အဖြစ် လုပ်ကိုင်ခဲ့သည်။ (……)တွင် ငွေတောင်ကျောင်းတိုက် အ.မ.က (၁၇) တွင် ကျောင်းအုပ်အဖြစ် လုပ်ခဲ့သည်။ (၁၉၃၉ - ၄၅)တွင် စစ်မှုထမ်းခဲ့သည်။ အဲလီဇဘက် ဘုရင်မကြီးကိုယ်တိုင် ဓါးတစ်လက်နှင့် ဆုလက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ရာ ယခုအခါ ထိုဓား၏ သက်တမ်းမှ (၁ဝ၆) နှစ် ရှိနေပြီဖြစ်သည်။

ထိုဓားဖြင့် ပညာရေးပရဟိတလုပ်ငန်းကို မည်သို့အသုံးချနိုင်သည်ကို သိရှိလိုပါသည်။

ဘဘ ဦးထွန်းတင်သည် (၂၅.၈.၂ဝဝ၆) နေ့တွင် ကွယ်လွန်သွားခဲ့သည်။

(ဦးထွန်းတင် + ဒေါ်အေးလှိုင်) တစ်ဦးတည်းသောသား (ဦးသန်းထွန်းဦး + ဒေါ်သန်းနု၏သမီး မဇာဇာထွန်း ညည.၂၁/၄၄(က)၊ မန္တလေး။ ဟူ၍ဖြစ်သည်။


ဦးထွန်းတင်သည် အင်္ဂလိပ်ခေတ်မှစ၍ မလွန်ဆန်လှူအသင်းကြီး (မန္တလေးမြို့) ၁၃၃၄ ခုနှစ်၊ မန္တလေးမြို့ နိုင်ငံတော် ဆရာအတတ်သင် သိပ္ပံကျောင်း မန္တလေးခရိုင် ကျောင်းသား/သူများ အစည်းအရုံး အလုပ်အမှုဆောင် ၁၉၅၂ - ၅၃ ခုနှစ်၊ မန္တလေးမြို့ မြင်းပွဲကလပ်စွတ်ဒိုင် စာရေးများသမဂ္ဂ (၁၉၅၁ ခုနှစ်) တို့အပြင် ပညာရေးနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာကြီးအဖြစ် ပရဟိတစိတ်ဓါတ်ပြည့်ဝစွာမြန်မာပြည်သူ လူထုအား ပေးဆပ်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ဘဘဦးထွန်းတင်အား အဲလစ်ဇဘက် ဘုရင်မကြီး ကိုယ်တိုင် အသိအမှတ်ပြု ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ခဲ့သော သမိုင်းဝင် ဓားတစ်လက် ရရှိခဲ့ သည်။ ယခုအချိန်တွင် အဖိုးဖြစ်သူ ဘဘဦးထွန်းတင်နည်းတူ မြေးဖြစ်သူ ဆရာမ မဇာဇာထွန်းသည် မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးအတွက် ဤသမိုင်းဝင် ဓား၊ လူ့သွေးမသောက်ခဲ့သော ဓား၊ သက်တမ်း (၁ဝ၆) နှစ်ရှိပြီဖြစ် ဓား၊ အမွေရရှိခဲ့သော ရှေးဟောင်းအဖိုးတန်ဓားဖြင့် ဆရာမ မဇာဇာထွန်း ဖြစ်ချင်သော ဆန္ဒ၊ မြတ်စွာဘုရား နှစ်သက်အားပေးလိုသော ပညာရေးပရဟိတလုပ်ငန်းရပ်အား အကောင်အထည် ဖော်ခွင့်ရရှိအောင် အများပြည်သူလူထုနှင့် ရှေးဟောင်းအမွေအနှစ်များကို တန်ဖိုးထား စုဆောင်းကြသော သူအပေါင်းတို့အား ကျွန်တော်နှိုးဆော်လိုက်ရပါသည်။




   
ပရဟိတသမားတို့မည်သည် ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့်သုံးကြရသည်။ ယင်း ဗြဟ္မစိုရ်တရားလေးပါးမှာ - မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ ဟူ၍ဖြစ်သည်။ မေတ္တာ … လူတိုင်းကိုချမ်းသာစေလိုခြင်း။ ကရုဏာ … ဆင်းရဲဒုက္ခရောက်နေသူအားလုံးကို ချမ်းသာသုခ မြဲစေလို ခြင်း။ မုဒိတာ … ချမ်းသာသုခရရှိနေသူအားလုံးကို ချမ်းသာသုခမြဲစေလိုခြင်း။ ဥပေက္ခာ … ချစ်ခြင်း၊ မုန်းခြင်းကင်း၍ အညီအမျှထားနိုင်ခြင်း၊ မည်မျှပင်ဆင်းရဲဒုက္ခ ရောက်နေပါစေ စိတ်ကိုတည်ငြိမ် ငြိမ်းချမ်းစွာ ထားနိုင်ခြင်း ဥပေက္ခာပါရမီ (EQUANIMITY) ဟု မြတ်စွာဘုရားဟောကြားထားသည်။ ထို့ကြောင့် ပရဟိတသမားတစ်ဦးဖြစ်သူ ဆရာမ မဇာဇာထွန်း၏ ဆန္ဒအလျှောက် ကျောင်းအုပ်ဆရာကြီးဖြစ်ခဲ့သူ အဖိုး ဦးထွန်းတင်ထံမှ အမွေရရှိခဲ့သော ရှေးဟောင်းသမိုင်းဝင် သက်တမ်း (၁ဝ၆) နှစ်ရှိပြီဖြစ်သော ယင်းဓားအား စိတ်ဝင်စားသူ ပြည်တွင်း/ပမှ ပညာရေးပရဟိတလုပ်ငန်းအား မြှင့်တင်ပေးလိုသူ အလှူရှင်များအနေဖြင့် ၄င်း၊ အဖိုးတန်ရှေးဟောင်းပစ္စည်း စုဆောင်းလိုသော သူအပေါင်းတို့အား၎င်း၊ ပညာရေးလောကတွင် ဟောင်းနွမ်းဆွေးမြေ့ ပိတ်ဆို့ကာဆီး ရှုတ်ထွေးနေသော ချုံနွယ်ပိတ်ပေါင်းတို့အား မြန်မာနိုင်ငံပညာရေး စနစ်တိုးတက်မြင့်မားစေလိုသော စိတ်ဆန္ဒဖြင့် ဤဗြဟ္မစိုရ်ဓားဖြင့် ခုတ်ထွင်းရှင်းလင်း လမ်းဖောက်ပေးကြ ပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတော့သည်။ (ယင်းရှေးဟောင်း အဖိုးတန်ဓားအား စိတ်ဝင်စားသူ ပညာဒါနလုပ်လိုသူ အလှူရှင်များအနေဖြင့် ဆရာမ မဇာဇာထွန်း ညည.၂၁/၄၄(က)၊ အောင်မင်္ဂလာလမ်း၊ ၅၇×၅၈ကြား၊ မန္တလေး။ ဆက်သွယ်ရန်ဖုန်း - ဝ၉ - ၃၃ဝ ၅၁ ၈ဝ၇ သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း ပညာရေးအကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတော့သည်။)

88 Generation Leaders touring USA in May and June weekends



၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် အမေရိကန်မြန်မာတို့တွေ့ဆုံပွဲများ ပြည်နယ်များတွင် ပြုလုပ်မည်
မိုးမခအထောက်တော် ၀၀၂၊ မေ ၂၃၊ ၂၀၁၃
မေလ ၁၉ရက်က အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီသို့ NED အဖွဲ့ကြီး၏ ဂုဏ်ပြုချီးမြှင့်မှုကို လက်ခံရန် ရောက်ရှိလာသော ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို ပြည်ပရောက် မြန်မာမိသားစုများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ လွန်ခဲ့သည့် မတ်လက ၈၈ မျိုးဆက်ခေါင်းဆောင် တဦးဖြစ်သော ကိုဌေးကြွယ်လာရောက်ပြီးနောက် အမေရိကန်ပြည်ထောင်စုသို့ လာရောက်လည်ပတ်သော ထင်ရှားသည့် ၈၈ ခေါင်းဆောင် ၂ ဦး ဖြစ်သည်။ ၎င်းတို့ခရီးစဉ်မှာ ကြိုတင်စီစဉ်ပြင်ဆင်ထားသော်လည်း အမှန်တကယ်လာရောက်ချိန်တွင် လက်ရှိ အာဏာရကြံ့ဖွံ့ပါတီ၏ အစိုးရခေါင်းဆောင် သမ္မတဦးသိန်းစိန် လာရောက်ချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။ ၈၈ မျိုးဆက်များက ဦးသိန်းစိန်၏ ခရီးစဉ်ကို အကောင်းမြင်ပြောကြားခဲ့သည်ကို တွေ့ရသည်။ ၎င်း ၈၈ မျိုးဆက်ခေါင်းဆောင်များကို အမေရိကန်ပြည်နယ်အနှံ့အပြားရှိ မြန်မာတိုင်းရင်းသားမိသားစုများက ကြိုဆိုပြီးတွေ့ဆုံပွဲများ ကျင်းပရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။
ယမန်နေ့ မေလ ၂၂ ရက်နေ့က ၈၈ မျိုးဆက်ခေါင်းဆောင်တို့၏ ပထမဦးဆုံး ကွန်မြူနီတီပွဲအဖြစ် နဗားဒါးပြည်နယ်၊ လပ်စ်ဗေးဂတ်စ်မြို့တွင် တွေ့ဆုံပွဲကျင်းပခဲ့သည်ဟု ဆိုသည်။ မြန်မာမိသားစုဦးရေမှာ အခြားပြည်နယ်များထက်စာလျင် အင်အားနည်းသော်လည်း အဆိုပါပွဲကို ရပ်နီး ရပ်ဝေးက မြန်မာများ တက်ရောက် အားပေးကြသည်ကို တွေ့ရသည်။ နယူးယောက်မှသည် အယ်လ်အေကအထိ ၈၈ မျိုးဆက်မိတ်ဆွေများ တက်ရောက်ကြသည်ဟု ဆိုသည်။ ပထမဦးဆုံးအကြိမ် အမေရိကန်မြန်မာများနှင့် တွေ့ဆုံပွဲတွင် ကိုမင်းကိုနိုင်က မြန်မာပြည်က အလှူခံမဏ္ဍပ်မှာ ပထမအကြိမ် မီးပျက်တော့ ဖလားထဲကအလှူငွေ တ၀က်လျော့သွားတယ်၊ ဒုတိယအကြိမ် မီးပြန်ပျက်တော့ ဖလားကြီးပါ ပျောက်သွားတယ်ဟူသော ဟာသတခုကို ပြောပြပြီး မြန်မာပြည်တွင်လည်း ယခုတချိန် ဒီမိုကရေစီအရေး ထူထောင်နိုင်ခွင့်ရဖို့ အခုအချိန်မီးလာတုန်း အမြန်ဆုံး ကြိုးပမ်းကြဖို့ လိုအပ်ကြောင်း၊ နောက်တကြိမ်တော့ မီးပျက်မခံနိုင်ကြောင်း ပြောဆိုသွားသည်ကို ပရိသတ်များ တင်ထားသည့် ဖေ့စ်ဘွတ်ဗီဒီယိုကတဆင့် ကြားသိရသည်။
ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့၏ အမေရိကန်ခရီးစဉ်တွင် ယခု လပ်စ်ဗေးဂတ်စ်အပြီး နယူးယောက်မြို့တော်သို့ ပြန်လည်ဝင်ရောက်ပြီး မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲကို တက်ရောက်မည် ဖြစ်သည်။ နယူးယောက်မြို့တော် ကွန်မြူနီတီတွေ့ဆုံပွဲ စီစဉ်သူတဦးဖြစ်သော ကိုနေတင်မြင့်ကပြောကြားရာတွင် နယူးယောက်မြို့တော်နှင့် ရပ်နီး ရပ်ဝေးက “၈၈ မျိုးဆက် မိတ်ဆွေများ” တက်ရောက်ကြမည်ဖြစ်ကြောင်း၊ အတူတကွတွေ့ဆုံ ဆွေးနွေးကြမည်ဟု ပြင်ဆင်နေကြကြောင်း ပြောကြားသည်။ နယူးယောက်မြို့တော်တွင် မေလ ၂၅ ရက်၊ ဖလော်ရီဒါ အော်လင်ဒိုတွင် မေလ ၂၆ ရက်၊ ပြီးနောက် အင်ဒီယာနာ၊ ဖို့ဝိန်းတို့ မေလ ၂၇ ရက် ဆက်တိုက် တွေ့ဆုံပွဲများ ရှိကြောင်း သိရှိရသည်။
အမေရိကန်ပြည်အနောက်ခြမ်း ဆန်ဖရန်စစ္စကိုဘေးဧရိယာသို့ ခရီးဆက်ပြီးနောက် ဇွန် ၁ ရက်တွင် ဆန်ဖရန်စစ္စကိုမြို့တော်၊ ဇွန် ၂ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့တော် အသီးသီးရှိ မြန်မာတိုင်းရင်းသားမိသားစုများနှင့် တွေ့ဆုံကြမည် ဖြစ်သည်။
ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ဒေသခံများက တယောက်တလက် ၀ိုင်းဝန်းမတည်မှုများ၊ စေတနာအလျောက် ထည့်ဝင်မှုများ၊ လုပ်အားပေးများနှင့် ဆောင်ရွက်လျက်ရှိကြောင်း ပွဲစီစဉ်သူ ဆန်ဖရန်ဘေးဧရိယာ မြန်မာကွန်မြူနီတီ သြဂနိုင်ဇာတဦးဖြစ်သည့် ကိုထွန်းမြတ်ဦး (ကိုပန်းသီး)က မိုးမခသို့ ပြောကြားသည်။
အမေရိကန်အနောက်ခြမ်းခရီးစဉ်အပြီးနောက် ၀ါရှင်တန်ဒီစီဖက်သို့ ပြန်သွားပြီး အမေရိကန်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသည့် အခမ်းအနားများသို့ တက်ရောက်ချီးမြှင့်ကြမည် ဖြစ်သည်။ ၎င်းနောက် ဇွန်လ ၈ ရက်တွင် နယူးယောက်ပြည်နယ်၊ ယူတီကာမြို့ မြန်မာတိုင်းရင်းသားမိသားစုများနှင့်၎င်း၊ ဇွန်လ ၉ ရက်တွင် ၀ါရှင်တန်ဒီစီမက်ထရို မြန်မာမိသားစုများနှင့်၎င်း ကွန်မြူနီတီတွေ့ဆုံပွဲများကို တက်ရောက်ကြမည် ဖြစ်သည်။
ခရီးစဉ်များကို မိုးမခရွာဆော်ကြီးအစီအစဉ်တွင် အောက်ပါအတိုင်း တင်ဆက်ထားပါသည်။ ယူတီကာပွဲစဉ်အသေးစိတ်ကို မကြာမီ စုံစမ်းတင်ဆက်ပေးမည် ဖြစ်သည်။

၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲ ပွဲစဉ်များ
[21st May Tuesday] ၈၈ မျိုးဆက်ခေါင်းဆောင်များနဲ့ Las Vegas (ENDS)
[25th May - Saturday] မင်းကိုနိုင်၊ ကိုကိုကြီး နယူးယောက်မြို့တော် (Next !!!!)
[26th May Sunday] 88 Generation & Florida
[27th May Monday] ဖို့ဝိန်းမြန်မာများနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ တွေ့ဆုံပွဲ
[1st June Saturday] ၈၈ မျိုးဆက်များနှင့် San Francisco Burmese Community
[2nd June Sunday] 88 Generation & LA Burmese Community
[9th June Sunday] ၀ါရှင်တန်ဒီစီ မက်ထရို မြန်မာတိုင်းရင်းသားများနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တို့ တွေ့ဆုံပွဲ

(ဓာတ်ပုံ- လပ်စ်ဗေးဂတ်စ်ရောက် ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ (ပြည်သူ့ဂုဏ်ရည်အဖွဲ့ကြီး၏ ဖေ့စ်ဘွတ်ကနေ ယူပါတယ်)

Saw Ngo - Shwe Bo becomes Drunk

ကာတွန်းစောငို - နေညိုလျင် ရွှေဘိုမှာ လေပြိုချင်တယ် ...
မေ ၂၃၊ ၂၀၁၃

Hay Man Thazin - Thought still Away from Home

အိမ်ပြန်မရောက်သေးတဲ့ အတွေးများ
ဟေမန်သဇင်
စက်တင်ဘာ ၁၃၊ ၂၀၀၈ (ပြန်လည်ဆန်းသစ်ခြင်း)


စိတ်ဆိုတာ အဆန်းသား။ တွေးမိတွေးရာ တောင်စဉ်ရေမရ တွေးမိတတ်ရဲ့။ တခါတလေ စိတ်နဲ့ကိုယ်နဲ့ တယ်မကပ်ဘဲ တွေးမိတွေးရာ တွေးတတ်လွန်းလို့ “တွေးစမ်းဟယ်”လို့ စိတ်ပေါက်ပေါက်နဲ့ တွေးခိုင်းလိုက်မိပေါ့။

အဲဒီအခါကျတော့လည်း ဘာတွေးရမှန်းမသိ ဖြစ်ရပြန်ရော။ ဒါနဲ့ပဲ ငေးမိငေးရာ ငေးကြည့်မိတော့ အိမ်ပြတင်းပေါက်ကတဆင့် ပစိဖိတ်သမုဒ္ဒရာကြီးကို ငေးမိပြန်ရော။ သမုဒ္ဒရာကြီးထဲ နေလုံးကြီး ဆင်းဝင်သွားတဲ့ ဆည်းဆာကို ကြည့်ရင်း အဖွားကို သတိရလိုက်မိပြန်တယ်။ တချိန်တုန်းက အဖွားဟာလည်း နေ၀င်ဖျိုးဖျ ဆည်းဆာချိန်တိုင်းမှာ သူ့အချစ်ဆုံးမြေးမကြီးကို မျှော်ခဲ့ရဖူးတာကိုး။

ကျမတို့ငယ်ငယ်တုန်းက အမေက အလုပ်လုပ်တယ်။ ရုံးမသွားခင် ချက်ပြုတ်ထားပေးခဲ့တဲ့အပြင် ကျမတို့ဝတ်မယ့် အ၀တ်အစားတွေကအစ ပြင်ဆင်ပေးခဲ့တယ်။ အမေရုံးသွားပြီဆို ကျမတို့ညီအစ်မနဲ့ အဖွားပဲ ကျန်ခဲ့တာ။ အဖွားက ကျမတို့ညီအစ်မကို သိပ်ချစ်တယ်။ အထူးသဖြင့် ကျမအစ်မကိုပေါ့။ အစ်မက အဖွားရဲ့အသည်းကျော်။ ကျမတို့နှစ်ယောက်ကလည်း တနှစ်ကြီးတနှစ်ငယ်ဆိုတော့ တယောက်နဲ့တယောက် သိပ်အလျှော့မပေးတတ်ဘူး။ ကစားစရာဆိုလည်း လုကြတာပဲ။ အစားအသောက်ဆိုလည်း သူ့ဆီမှာများနေပြီး ကိုယ့်ဆီမှာ နည်းနေသလို ထင်တတ်ကြတယ်။ ပစ္စည်းတွေဆိုလည်း သူ့လက်ထဲကဟာကိုမှ ကြိုက်တယ် ဖြစ်ကြ ပြန်ရော။

ဒီတော့ တနေကုန်နေရတဲ့အဖွားခမျာ ဒီမြေးနှစ်ယောက်နဲ့ ဘယ်လောက်များ ဗျာ များနေလေ မလဲ။ မြေးနှစ်ယောက် စိတ်လက်ကြည်သာရှိတဲ့နေ့ဆို အဖွားက အ၀တ်စ ကလေးတွေကနေပြီး ရုပ်သေးရုပ်တွေ လုပ်ပေးတတ်တယ်။ အရုပ်ကလေးကို ၀ါးခြမ်းပြားနဲ့ ကြိုးသွယ်ပြီး လက်လှုပ် ခြေလှုပ် ကပြခိုင်းတတ်တယ်။ တခါတလေ အပေါင်းအသင်းတွေနဲ့ ကျမတို့တွေ ကစားမက်နေရင် အဖွားဟာ ထမင်းစားဖို့ တကြော်ကြော် ခေါ်ရသေးတယ်။ ကျမတို့ ညီအမတွေ ဂျီကျတာများရင် အဖွားဟာ စိတ်ရှုပ်စိတ်တိုပြီး အိမ်ပေါ်ကဆင်းယောင်ပြုတော့ ကျမတို့ညီအစ်မတွေ အဖွားကို ငိုပြီး လိုက်ဆွဲရတာ မှတ်မိသေးတယ်။

ကျမတို့ ဂျီကျလွန်းလို့ဆိုပြီး အိမ်ပေါ်ကဆင်းမယ်ဆိုတဲ့အဖွားဟာ ကျမတို့နဲ့တသက်လုံး နေသွားရှာတာပါ။ ကျမတို့တတွေ အရွယ်ရောက်ပြီး ပညာစုံလို့ ကိုယ်မှန်တယ်ထင်ရာ ရပ်တည်တဲ့အခါတိုင်းမှာ အဖွားဟာလည်း ကျမတို့နဲ့အတူ အမှန်တရားဘက်က နေပြီး ရင်နာနာနဲ့ ရပ်ခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းကပေါ့။ အခုလိုပါပဲ။ ညနက်သန်းခေါင်ဆို လူတွေဟာ အိပ်ရဲရဲ စားရဲရဲ မရှိခဲ့ပါဘူး။ တညမှာပေါ့။ ထုံးစံအတိုင်း ညသန်းခေါင်ကျော် တနာရီနီးပါးလောက်မှာ ခြံတခါးကို တ၀ုန်းဝုန်း တဒုန်းဒုန်း ထုသံကြားရတယ်။ ကျမ ခြံတံခါးဖွင့်တော့ ခြံထိပ်မှာ သေနတ်ကိုင်တချို့ ၀ိုင်းလို့။ ခြံထဲကိုတော့ ရဲအရာရှိတွေရယ် အရပ်ဝတ်လူကြီးတွေရယ် ၀င်လာတယ်။ ကိစ္စက ဧည့်စာရင်းစစ်မလို့ တဲ့။ အဆင်သင့်ရှိနေတဲ့ သန်းခေါင်စာရင်းကို ပေးလိုက်တော့ အဖေ့နာမည်ကစပြီး ခေါ်တယ်။ အဖေနဲ့အမေ ခရီးသွားနေတယ်ဆိုတော့ ခရီးသွားကြောင်း ထောက်ခံစာတောင်းတယ်။

ပြီးတော့ ကျမအစ်မရဲ့နာမည်လည်း ရောက်ရော ခဏလောက် တွေ့ပါရစေ တဲ့။ ဘာကိစ္စလဲ ဆိုတော့ မေးစရာရှိလို့ တဲ့။ ဒီမှာ မေးမှာလား ဆိုတော့ မဟုတ်ဘူး တဲ့။ ဒါဆို ဖမ်းဝရမ်းပါလား ဆိုတော့ ဖမ်းတာမဟုတ်ဘူး တဲ့၊ လူကြီးမင်း နာမည်နဲ့ရာထူး၊ ဌာနကို ပြောပါ ဆိုတော့ ပါလာတဲ့ ရဲအရာရှိပေါက်စနာမည်ကိုပဲ ပြောတယ်။ ဘာ အထောက်အထားမှ မရှိဘဲ ခေါ် ယူခွင့် ရှိသလား ဆိုတော့ ရဲအရာရှိကို သက်သေထားပြီး ခေါ်တာ တဲ့။

ကျမနဲ့ သူတို့တတွေ အချီအချ ပြောနေတုန်းမှာပဲ အဖွားရဲ့အခန်းဆီက မီးတပွင့် လင်းလာတယ်။ အဖွားမသိပါစေနဲ့ လို့ ဆုတောင်းမိပေမယ့် တလှုပ်လှုပ်နဲ့ အဖွားထွက်လာတာကို တွေ့လိုက်ရတယ်။ ဧည့်ခန်းမှာ မီးထိန်ထိန်လင်းပြီး လူအုပ်ကြီးကိုမြင်တော့ အဖွားမျက်နှာမှာ စိုးရိမ်တဲ့အရိပ်အယောင် တွေ့လိုက်ရတယ်။ အဖွားခြေလှမ်းတွေ ခပ်သွက်သွက်နဲ့ ဧည့်ခန်းဆီ လှမ်းလာတာ မြင်လိုက်ရတယ်။ ကျမ အဖွားကို မကြည့်ရက်ပါဘူး။
အစ်မကို အသိပေးဖို့ အပေါ်ထပ်ကို လှမ်းတက်နေပေမယ့် အဖွားအတွက် စိုးရိမ်နေ မိတယ်။ အစ်မကတော့ မျှော်လင့်ထားသလို သွေးအေးအေးပါပဲ။ သူ့လက်ဝတ်လက်စားတွေဖြုတ်ပြီး ကျမဆီကို လှမ်းပေးလိုက်တယ်။ ကျောပိုးအိတ်ထဲမှာ အင်္ကျီအပိုတစုံစာနဲ့ အနွေးထည်ထည့်ပြီး အောက်ထပ်ဆင်းလိုက်လာတယ်။ ကျန်းမာရေးကို ဂရုစိုက်ဖို့ပဲ ကျမ မှာလိုက်နိုင်ပါတယ်။

အောက်ထပ်မှာတော့ အဖွားရဲ့မေးမြန်းသံတွေ ကြားနေရပါပြီ။ ကျမမြေးကို ဘာလို့ခေါ်သွားကြမှာလဲ တဲ့။ ဘာအပြစ်ရှိလို့လဲ တဲ့။ ဘယ်ကိုခေါ်သွားမှာလဲ တဲ့။ အသက် ၈၀ နီးပါး အဖွားအိုတယောက်ရဲ့ ရင်ကွဲသံကို ဘယ်လိုနှလုံးသား၊ ဘယ်လိုနားမျိုးတွေနဲ့ ကြားနိုင်ကြပါသလဲ။ ဘယ်ကိုမှန်းမသိ၊ ဘယ်လောက်ကြာမယ်မှန်း မသိ၊ ဘာအတွက်မှန်းမသိ၊ ဘယ်သူမှန်း မသိသူတွေ ရဲ့ လက်ထဲကို ကိုယ်ချစ်ခင်ရတဲ့ သွေးချင်းတွေ ထိုးအပ်လိုက်ရတဲ့ မိသားစုတွေရဲ့ ဘ၀ဟာ အရိုင်း တကာ့အရိုင်းခေတ်က လူသားတယောက်ထက်တောင် ဆိုးရွားနေလေသေးရဲ့။ ဒါဟာ သာမန်အဖြစ်အပျက်ပဲလား။ ဥပဒေပညာရှင်ဖြစ်တဲ့ ကျမ အစ်မကိုကော အကာအကွယ်ပေးမယ့် ဥပဒေ ဆိုတာ ဘယ်မှာလဲ။ အဲဒီညက အဖွားနဲ့ကျမ စကားသံတွေ တိတ်ဆိတ်ပြီး အိပ်ချင်ယောင်ဆောင်ခဲ့ရတဲ့ ညပေါ့။

အနောက်ဘက်အရပ်ကို နေလုံးကြီး မေးတင်လို့ နေညိုချိန်ရောက်ပြီဆိုရင် အဖွားဟာ ခြံထိပ်ကလေးကို လှုပ်လီလှုပ်လဲ့လေး ထွက်လာတတ်တယ်။ ခြံတခါးပိတ်ယောင်ပြုရင်း ဟိုး အဝေး ဆီ ခဏရပ်ပြီး ငေးမောနေတတ်ရဲ့။ သူ့မြေးမကြီး ဘယ်အရပ်ကများ ဘွားခနဲ ပေါ်လာလေမလဲလို့ စောင့်မျှော်ရင်း အတော်ကြာမှ အိမ်ဘက်ဆီ လေးတွဲ့တွဲ့ ခြေလှမ်းတွေနဲ့ ပြန်လာတတ်ပါတယ်။

အခုတော့လည်း အဖွားဟာ ကျမတို့ကို ထားခဲ့ပြီး ငြိမ်းချမ်းရာအရပ်ဆီ ထွက်သွားခဲ့ပါပြီ။ နေညိုညိုညနေခင်းမှာ ကိုယ်ချစ်ရတဲ့ ကိုယ့်သွေးချင်းသားချင်းတွေရဲ့ ပြန်အလာကို မရေမရာနဲ့ မျှော်လင့်နေရတဲ့ အဖွားတွေ၊ အဖေတွေ၊ အမေတွေ၊ မောင်ညီမတွေရဲ့ ဘ၀တွေ ဘယ်လောက် တောင် များနေပြီး ဘယ်တော့မှပဲ အဆုံးသတ်နိုင်ပါတော့မလဲ။ တွေးမိတွေးရာတွေထဲမှာ ဒီအတွေးဟာ ကျမအတွက် ခါးသည်း နာကျင်စေတဲ့ အတွေးပါပဲ။

Ashin Nanika - The Place of Beauty

အလှနေရာ ပြောင်းကြမယ်
အရှင်ဥာဏိက၊ မေ ၂၃၊ ၂၀၁၃


အသက်လေးဆယ်အရွယ်ဆိုတာ လူငယ်တွေအတွက်တော့ လူကြီးပါ။ ဒါပေမယ့် လူကြီးတွေအတွက် တော့ အသက်ငါးဆယ်ဆိုတာက လူငယ်ပါပဲ။ (ဗစ်တာ ဟူဂို)

ဟိုက်၊ သူ့အလိုအရဆို ကိုယ့်အရွယ်က ခုမှ ချာတိတ်မျှသာ ရှိသေးသပ။ သို့ပေမယ့် တကယ့်ချာတိတ် တွေ ဘယ်လိုမှ တွေးဆလို့မရနိုင်တဲ့ ချွတ်ယွင်းချွတ်ချော်မှုများကတော့ ခန္ဓာကိုယ်နဲ့အပြည့်ဖြစ်လို့နေ ပြီ။

အသိတစ်ယောက်က ငယ်စဉ်ကတည်းက အသက်အပိုင်းအခြားလိုက် အမှတ်မထင် ဟိုနားဒီနားမှာ မှတ်တမ်းတင်ရိုက်ကူးလာတဲ့ သူ့ဓာတ်ပုံတွေကို ပီကာစာဖိုင်နဲ့ပေးပို့ပါတယ်။ တစ်ကိုယ်တော်ရိုက်ထား ပုံတွေကများပေမယ့် ပုံတွေထဲမှာ မိတ်ဆွေငါးဦး စုပေါင်းရိုက်ထားတဲ့ ပုံနှစ်ခုကိုထူးထူးခြားခြား အမှတ် ပြုမိလိုက်ပါတယ်။ အဲဒီနှစ်ပုံကတော့ ဆယ်ကျော်သက်အရွယ် နုပျိုစဉ်ကပုံနဲ့ အရွယ်လတ်ပိုင်းဖြစ်တဲ့ လက်ရှိအရွယ်ပုံတစ်ပုံရယ်ပါ။ ပုံတွေကိုကြည့်ပြီး ဘယ်လိုထင်မြင်သလဲလို့ ပွင့်ပွင့်လင်းလင်းလေး မှတ် ချက်ပေးပါဦးလို့ သူကဆိုလိုက်ပါသေးတယ်။

သာမန်မြင်တွေ့ရတဲ့ ပုံတွေကိုကြည့်ပြီး အားမနာတမ်း မှတ်ချက်ပေးရမယ်ဆိုလျင်တော့ ပိုပိုသစ်လာတဲ့ နောက်ပိုင်းပုံတွေက အရောင်တွေစုံ၊ ဓာတ်သားတွေ ပိုကောင်းလာပေမယ့် ဓာတ်ပုံရှင်ရဲ့ ရုပ်ကတော့ ပိုပိုဟောင်းနွမ်းလာတယ်လို့ ထင်ရပါတယ်။ တဖြည်းဖြည်းနဲ့ အကောင်းထက် အဆိုးတွေကသာ များ လာတယ်လို့ ထင်မိပါတယ်။ ငယ်ရွယ်နုပျိုစဉ်ကပုံနဲ့ ရင့်ရော်ကာမှ ရိုက်ကူးထားတဲ့ပုံတွေကို နှိုင်းယှဉ်ပြီး ပုံသက်သက်ကိုသာကြည့်လို့ ပြောရမယ်ဆိုလျင် ရင့်ရော်ရွယ်ရဲ့ပုံတွေက အားနည်းမှုများတာချည်းပါပဲ။ ငယ်ရွယ်စဉ်က ပြည့်ဖြိုးမှုတွေ(ဝတာမဟုတ်ပါ) နုပျိုလန်းဆန်းမှုတွေ၊ အပူကင်းစင်တဲ့မျက်နှာတွေက ကြီးကာမှရိုက်ထားတဲ့ပုံတွေထဲမှာ မတွေ့ရတော့သလို ခံစားမိတယ်။

သို့ပေမယ့် ဓာတ်ပုံပိုင်ရှင်ဖြစ်တဲ့ သူမှသာ တဖြေးဖြေး ကြီးရင့်လာခဲ့တာ မဟုတ်ဘူးလေ။ သူ့ပုံတွေကို ဝေဖန်ခိုင်းတဲ့ ကိုယ်ကိုယ်တိုင်လည်းပဲ သူ့လိုပဲ ကြီးရင့်လာခဲ့တာပဲ။ ဒါကြောင့် ကြီးရင့်မှုနဲ့အတူပါလာတဲ့ အသိတရား ခလုတ်က ကိုယ့်စိတ်ထဲမှာ ထင်တဲ့အတိုင်း ပြောလိုက်ဖို့ ခွင့်မပြုဘူးလေ။ အကျိုးမများနိုင် မယ့် စိတ်အားငယ်ဖွယ်စကားတွေထက် စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ်ရာစကားကိုသာ ပြောပေးရလျင် ပို ကောင်းမှာပဲဆိုတဲ့တွေးစိတ်က ရှေ့ကနေ နေရာဝင်ယူခဲ့ပါတယ်။ ဒီအတွက် သူ့ပုံတွေကိုကြည့်ပြီး အကောင်းဆုံးဖြစ်နိုင်တဲ့အရာတွေကို ကြည့်ကာ ချီးမွန်းစကားဆိုလိုက်ပါတယ်။

ကြီးရင့်မှုနဲ့အတူပါလာတဲ့ ရင့်ကျက်မှု၊ တည်ငြိမ်မှုစတဲ့ကောင်းတဲ့အချက်တွေက ဓာတ်ပုံထဲမှာ အထင် အရှား မြင်လိုက်ရတယ်လို့ ထင်မိပါတယ်။ ဒါကြောင့် ဓာတ်ပုံများနဲ့စပ်ပြီး ချီးမွန်းစကား ပြောလိုက်ပြီး ဒီထက်ပြည့်စုံတဲ့ မှတ်ချက်ကိုတော့ အချိန်ရလို့ စာရေးချင်စိတ်ပေါက်တဲ့အခါမှာ ပေးပါဦးမယ်လို့လည်း ပြောလိုက်ပါတယ်။ သူ့ကိုအဲဒီလိုပြောဖြစ်ခဲ့တာသည်ပင် တစ်နှစ်နီးပါးရှိပြီ။ ဒီတစ်နှစ်နီးပါးအတွင်းမှာပင် သူ့ပုံက ဘယ်လောက်ပြောင်းသွားလေမလဲ မသိ။ တစ်နှစ်အတွင်းမှာပင်လျင် ကိုယ့်ရုပ်အသွင် တော် တော်ပြောင်းသွားတာကိုတော့ ကိုယ့်ကိုယ်ကို မှတ်မှတ်ထင်ထင်ကို သတိပြုမိပါတယ်။ ရုပ်အသွင် ပြောင်းလဲမှုနဲ့အတူ စိတ်အဆင်ပါ ပြောင်းလဲနိုင်အောင်ကြိုးစားဖို့ လိုတယ်ဆိုတဲ့အသိကိုလည်း မကြာ ခဏ သတိရမိတတ်ပါတယ်။

ရင့်ရော်ခြင်းတွေ တိုးလာတာနဲ့အတူ ရင့်ကျက်ခြင်းတွေတိုးလာတာ။ ဆံဖြူခြင်းနဲ့အတူ စိတ်ဓာတ်ဖြူ ခြင်း။ ခွန်အားတွေ နည်းလာခြင်းနဲ့အတူ လောဘ ဒေါသ မောဟ အတ္တတွေ မာန်မာနတွေပါနည်းလာ ခြင်းမျိုးတွေကိုပါ အတူယူဆောင်နိုင်မယ်ဆိုလျင် အိုခြင်းအဓိပ္ပါယ်က ဘယ်လောက်တောင်ပြည့်ဝသွား လေမလဲ။ အများစုသော အလုပ်တွေကို ငယ်ရွယ်သူတွေ၊ ခွန်အားရှိသူတွေမှ လုပ်နိုင်မယ်ဆိုပေမယ့် အရွယ်ရင့်မှုနဲ့မှသာ ယူဆောင်လို့ရနိုင်တဲ့ အချို့အရာတွေအတွက် ဘယ်လိုခွန်အားရှိတဲ့ လူငယ်တွေမှ အရမယူနိုင်တဲ့အလှတွေလည်း လောကထဲမှာ အများကြီးပဲလေ။

ဘဝတစ်ခုရလာလျင် ဘဝအတွက်လိုအပ်တဲ့ သင်ယူလေ့လာစရာတွေက အများသားပါပဲ။ တစ်ချို့လေ့ လာသင်ယူစရာတွေဆိုတာက တစ်နေ့ထဲနဲ့သင်လို့ရနိုင်တာမျိုး မဟုတ်ဘူးလေ။ နှစ်ပေါင်းတာရှည် လေ့ လာမှရနိုင်တာမျိုး မဟုတ်လား။ အသက်အရွယ်ကြီးရင့်လာသူတစ်ယောက်အဖို့ ခုလိုနှစ်ရှည်လများသင် ယူလေ့လာမှရနိုင်တဲ့အရာများကို သင်ယူခွင့်ရခဲ့လေပြီရယ်လို့ ဝမ်းမြောက်ဂုဏ်ယူနိုင်ပါတယ်။ အတွေ့ အကြုံဆိုတာ ဝယ်ယူလို့ မရနိုင်ဘူးလို့ ဆိုတယ်ပဲ မဟုတ်လား။

အိုရွယ်တာကို စိတ်မပျက်ပါနဲ့၊ လူတိုင်းအိုချင်လို့ အိုခွင့်မရနိုင်ပါဘူးတဲ့။ ဟုတ်တာပေါ့လေ။ ကြားနေမြင် နေရတဲ့ ပတ်ဝန်းကျင်မှာတင်ကိုပဲ အိုခွင့်မရရှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားကြသူတွေ နည်းတာမှ မဟုတ်တာ။ ကိုယ့်အနီးဆုံး အသိုင်းအဝန်းအတွင်းမှာကိုပဲ ကိုယ့်အောက်ငယ်သူတွေ၊ ကိုယ်နဲ့ရွယ်တူ တွေ ဆုံးပါးသွားကြတာ သိသိသာသာကိုပဲ များနေပြီ။‘မျှော်လင့်မှု အိပ်မက်တွေနေရာမှာ စိတ်ပျက်အား ငယ်မှုတွေနဲ့ အစားမထိုးသေးသမျှ သင် မအိုသေးပါဘူး’ လို့ တစ်ယောက်ကတော့ ပြောဖူးတယ်။ ဒီတော့ တစ်ခုခုအတွက် မဆုံးနိုင်တဲ့စိတ်ကူးအိပ်မက်တွေ ဆက်မက်ကာနေဖို့လိုမယ်ပေါ့။

ငယ်ရွယ်စဉ်က လုပ်နိုင်ခဲ့တဲ့အရာ၊ ရနိုင်ခဲ့တဲ့အရာတွေကို ကြီးရင့်လာတဲ့အခါ မရနိုင်တော့ကောင်းလား လို့ ငယ်ဘဝနဲ့လက်ရှိကြီးရင့်မှုကို နှိုင်းယှဉ်ပြီး စိတ်ပျက်အားလျှော့နေဖို့ လိုမ်ယ်မထင်ပါဘူး။ စိတ်ပျက် အားလျော့နေခြင်းအတွက်လည်း ဘာကောင်းကျိုးမှ ဖြစ်နိုင်မယ် မဟုတ်ပါဘူး။ မနိုင်နိုင်မဲ့အရာတွေကို မဖြစ်နိုင်မှန်းသိလျက် ယှဉ်ပြိုင်နေတာထက်စာလျင် ယှင်ပြိုင်နိုင်လို့ရတဲ့အရာတွေထဲက ကိုယ့်အတွက် လည်း အကောင်းဖြစ်စေ၊ သူတစ်ပါးတွေအတွက်လည်း အကောင်းချည်းသာဖြစ်စေမယ့် အရာမျိးမှာ သာ ပြိုင်ဆိုင်ဖို့ သင့်မယ်မဟုတ်လား။

သူ့ပုံတွေကိုပြပြီး ကိုယ့်ငယ်ရွယ်စဉ်က ဓာတ်ပုံတွေကိုလည်း ပြပါဦးလို့ ဆိုပါသေးတယ်။ ကိုယ့်မှာငယ် ရွယ်စဉ်ပုံဆိုတာ မရှိဘူးလေ။ ဓာတ်ပုံတောင်မှ မှတ်မှတ်ရရ မြို့ကိုရောက်မှ စာမေးပွဲအတွက် ဝင်ခွင့် လျှောက်လွှာတင်ဖို့လိုလာမှ ပထမဆုံး ဓာတ်ပုံရိုက်ဖူးတာ။ အဲဒီတော့ ကိုယ်ဓာတ်ပုံစရိုက်တော့ အသက်က တစ်ဆယ့်ခြောက်နှစ်လောက်ရှိနေပြီ။ အဲဒီနောက်မှာလည်း သူ့လိုအသက်အရွယ်အရ စီကာစဉ်ကာရိုက်ဖြစ်တာမျိုး မရှိပါဘူး။ သုံးလေးနှစ်နေကာမှ တစ်ခါတောင်ရိုက်ချင်မှ ရိုက်ဖြစ်တာ။ ဒီတော့ သက်တမ်းအရ မှတ်တမ်းပုံက ဘယ်မှာရှိနိုင်မှာလဲ။

ဓာတ်ပုံမှတ်တမ်းမရှိလို့ ငယ်စဉ်ပုံနဲ့လက်ရှိအရွယ်ပုံတွေကို နှိုင်းယှဉ်မကြည့်နိုင်ပေမယ့် အရွယ်အတန် ရလာမှ မှတ်တမ်းတင်ဖြစ်တဲ့ပုံတွေနဲ့ ခုလက်ရှိအနေအထားပုံတွေသည်ပင်လျင် တော်တော်ကွာခြား သွားပြီ။ ဘယ်လိုမှဖုံးကွယ်လို့မရနိုင်တဲ့ ကြီးရင့်မှုရဲ့ အရိပ်နိမိတ်တွေက ခုနောက်ပိုင်းရိုက်ခဲ့တဲ့ပုံတွေမှာ ပိုမိုထင်ရှားလာပြီ။ တကယ်လို့သာ အပြင်မှာတကယ်ရှိနေတဲ့ ခန္ဓာကိုယ်ရဲ့အတွင်းအပြင် အနေအထား အတိုင်းသာ ဓာတ်ပုံထဲမှာ ပေါ်ခဲ့မယ်ဆိုလျင်တော့ ရိုက်ထားတဲ့ပုံတွေက တစ်နှစ်နဲ့တစ်နှစ် ပိုမိုလို့ပင် ကွာခြားပေလိမ့်မယ်။ တကယ့်ခန္ဓာကိုယ်ရဲ့ချွတ်ယွင်းမှုက ဓာတ်ပုံထဲမှာတွေ့ရတဲ့ ပြောင်းလဲလာမှုထက် ပိုမိုတယ်ဆိုတာ ကိုယ်ကိုယ်တိုင်ကတော့ ကောင်းကောင်းသိနေလေပြီ။

သို့ပေမယ့် နုပျိုခြင်းနဲ့အလှတရားဆိုတာ ရုပ်ချည်းသက်သက်အပေါ်မှာသာ မှီတည်နိုင်မျိုးမှ မဟုတ်ပဲ လေ။ “မျက်နှာမှာ ပေါ်လွင်ခဲ့တဲ့အလှတရားတွေကို နှလုံးသားဆီသို့ ပြောင်းရွှေ့ပေးနိုင်မယ်ဆိုလျင် သင် ဟာ ဘယ်သောအခါမှ အိုမင်းသူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး” တဲ့။ ပျိုရွယ်မှုတွေ၊ မျက်နှာပြင်အလှ တရားတွေကို နှလုံးသားဆီ နေရာပြောင်းနိုင်အောင် ကြိုးစားကြရမှာပေါ့။ ဒါဆို ဘယ်သောအခါမှာမှ မအိုနိုင်တဲ့သူတစ်ဦး ဖြစ်ပြီပေါ့။

“သစ်ပင်ရင့်လျင် မီးဆိုက်လို့ ပိုကောင်းတယ်။ နှစ်ချို့ဝိုင်ဟာလည်း ပိုသောက်လို့ကောင်းတယ်။ မိတ် ဆွေဟောင်းလျင်လည်း ပိုပြီးယုံကြည်ရတယ်။ စာရေးဆရာအိုရဲ့ စာဟာလည်း ပိုပြီးဖတ်သင့်တယ်’တဲ့။

ကဲ ဒီလိုဆိုတော့ကာ ဒီစာဟာဖြင့် ဖတ်သင့်တဲ့စာတစ်ပုဒ်ဖြစ်မယ်ထင်ပါရဲ့။ ။

https://www.facebook.com/mudita.shwekyaung?fref=ts

Hinthada Town Officials abuse on Cell Phone Sales

၁၅၀၀ တန် ဖုန်းကဒ် များနဲ့ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများ၏ မသမာမှုများ
ဟသာင်္တမီဒီယာ၊ မေ ၂၃၊ ၂၀၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့  (ပထမ)အကြိမ် ထုတ်ပေးချိန်တွင် ခရိုင်ရုံးက လှိုင်မျိုးကျော် နှင့်
မြို့နယ်ရုံးက၀န်ထမ်းတစ်ဦး ပေါင်းပြီး ဖုန်းဆင်းကဒ် ၂၀၀ ကို အပြင်သို့ရောင်းချခဲ့သည့်ကိစ္စကို တိုင်းအထွေထွေဦးစီးဌာန ထွေအုပ်မင်းကြီး ဦးအေးကျော်မှ ခေါ်ယူစစ်ဆေးနေသည့်ကြားက စစ်ဆေးခံရသည့်ဝန်ထမ်းသည် ထွေအုပ်ဝန်ထမ်း (၁၅၄) ဦးအတွက် ချပေးသော ဖုန်းကဒ်များယူထားပါသည်။
ယင်း ထွေအုပ်ဝန်ထမ်း (၁၅၄) ဦးမှာ ကျပ် (၂) သိန်းတန် GSM ဖုန်းကဒ်များကို အရစ်ကျ ၀ယ်ယူခွင့်ရကြသူများ ဖြစ်ပါသည်။ယင်းဝန်ထမ်းများသည် ငွေသွင်းမှုကိုပြည့်မှီ အောင်မသွင်းဘဲ ယခု ၁၅၀၀ တန် ဆင်းကဒ်ကို ထပ်မံဝယ်ယူ ကြသူများဖြစ်ကြောင်း ဟင်္သာတ ဆက်သွယ်ရေးရုံးမှတဆင့် သိရှိရပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှလည်း တစ်ဦးလျင် ၁၅၀၀ တန် ဆင်းကဒ် (၂) ကဒ် နှုန်းကို တိုင်းထွေအုပ် မင်းကြီးက တောင်းခိုင်းသည့်ပုံစံ ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ပေးနေရပါသည်။ သက်ဆိုင်ရာကျေးရွာ၊ ရပ်ကွက်တို့မှ ဖုန်းမယူသူများ၏ မှတ်ပုံတင်၊ မိတ္တူ၊ အိမ်ထောင်စုဇယား မိတ္တူ၊ ဓါတ်ပုံတို့ကို အသုံးပြုပြီး ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက လူကြီးများနှင့် ၀န်ထမ်းများပေါင်းပြီး လုပ်စားနေသည့်အတွက်ကြောင့် နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာ လူကြီးများသိရှိစေရန်နှင့် မသမာမှုတွင် ပါဝင်နေသောဝန်ထမ်းများကို ကြပ်ကြပ်မတ်မတ် အရေးယူဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

Maung Aung Htet - Photo Poem

ဒုက္ခတောမှာ စီးမျောခြင်း
မောင်အောင်ထက်
မေ ၂၂၊ ၂၀၁၃

ဒီတနှစ်နွေ ပူလှတယ် ..။ မရောက်တာ ကြာပြီဖြစ်တဲ့အရပ် ...။ နေရှိန်ရှိန် .. ဖုန်ထိန်ထိန်နဲ့ ...။ ဘေးတိ၊ အနားတိ၊ ထိပ်တိခံလိုက်ရတဲ့ ကျွန်းပျို ... သဘာဝဒဏ် လောကဓံကို အံတုရင်း ... ဒီပုရ၀ုဏ်တွင်းက လူသားဘ၀ကို အထူးတလည် ပြဌာန်းနေသည့်အလား ....။



ထိထိမိမိရှိလှတဲ့နေ ... ပူချက် ပြင်းချက် .. အပေး အငှား အချေး အယူတွေနဲ့ သွေ့မ တတ်ခြောက်လှပြီဖြစ်တဲ့ အင်ဖက်မိုး ... သူတို့ဘ၀အတွက်တော့ ... တကယ့် တကယ်ကို ပူလှ ပြင်းလှသပေါ့ ...။ 




လူ့လောကမှာ ဒုက္ခနဲ့ဆက်နွယ်နေတဲ့အရပ် .. အတွေးတွေပန်းချီသီ ... ဘ၀ဝေဒနာ တလှေကြီးနဲ့မှာမှ ..


အသွားတွေလည်း ရှိတယ် ....။


အပြန်တွေလည်းရှိတယ် ...။ မတူညီတဲ့ ဘ၀မျိုးစုံ တိုက်ပွဲပြင်တဲ့ အရပ်လို့တောင် ခေါ်မှတ်လို့ရတယ်။ 


ဒီအရပ် .. ဒီဇာတ် ..
အမောတွေ .. အဝေးတွေကြားမှာမှ ....
ဘ၀တွေ .. အဖြစ်တွေ .. သနစ်တွေ ဒီဒုက္ခသံသရာကြားမှာမှ .. စိတ်ဖြေစရာ .ပြေစရာ အချစ်တွေ .. ဒီအချစ်တွေ .. တုလို့မရ .. နှိုင်းလို့ မရတဲ့ .. အချစ်တွေ ...




တကယ်ဆို သူတို့ဘ၀ ဖြူလွှလွှ ပန်းလေးတွေလို ... 


တိမ်စုံစုံ သဘာဝကြားမှာ ... အများသူငါလို 


ထာဝရ အမောပြေ ငြိမ်းချမ်းပါစေလို့သာ ... 


မှတ်ချက်။ ။ ဘဲ့ကလော့ (ခေါ်) မယ်လ ဒုက္ခသည်စခန်းအတွင်း သွားရောက်ခဲ့စဉ် ရိုက်ကူးခဲ့သည့် ဓာတ်ပုံများ ဖြစ်ပါသည်။ 

Min Ko Naing & Ko Ko Gyi in Las Vegas - Greeting

Tuesday, May 21, 2013

Sason Full Moon Day Invitation - Milwaukee - Pyin Nyar Yar Ma Kyaung

မီဝေါကီ၊ ပညာရာမကျောင်းတိုက်၊ ကဆုန်လပြည့်နေ့ ကုသိုလ်ပွဲတော် ဖိတ်စာ
မိုးမခရွာဆော်ကြီး၊ မေ ၂၂၊ ၂၀၁၃

Maung Wuntha - Private Clinic behind closed doors




ဘယ်သူတွေက ဘယ်လိုကုသနေမှန်းမသိတဲ့ ဆေးခန်းတွေ 



(မောင်ဝံသ)

by Maung Wuntha (Notes), May 21, 2013 at 6:39am
၂၂ မေ ၂၀၁၃ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။

တစ်မျိုးသားလုံးအတွက် အရေးကြီးလို့ပါ
သည်တစ်ပတ်ဖြင့် ပုံမှန်ဆောင်းပါး မရေးတော့ဘဲ အပြည့်အ၀ အနားယူ လိုက်မယ်လို့ စိတ်ကူးထားတာ မရေးမဖြစ် ရေးချင်စိတ်ပေါ်လာအောင် စေ့ဆော်ပေးတဲ့ အကြောင်းတစ်ခုကြောင့် ရေးဖြစ်သွားပါတယ်ခင်ဗျာ။
    အကြောင်းက ကျွန်တော် အများဆုံးရေးလေ့ရေးထရှိတဲ့ နိုင်ငံရေး အကြောင်းအရာ မဟုတ်ဘဲ ပြည်သူ့ကျန်းမာရေးဖြစ်ပေမယ့် တစ်မျိုးသားလုံးအတွက် အရေးကြီးတယ်လို့ ယုံကြည်တဲ့အတွက် အလေးထားပြီး ရေးသားလိုက်ရပါတယ်။

မီဒီယာတွေက ပြောခဲ့ပေါင်းများပြီ
    မီဒီယာတွေမှာ သည်အကြောင်းအရာကို  ဖွင့်ချဖော်ထုတ်ရေးခဲ့တာ တွေလည်း ဖတ်ဖူးပါတယ်။ တစ်ချိန်တည်းမှာ စောင်ရေကောင်းလှသော မီဒီယာကြီးအချို့မှာကို သူတို့ရဲ့ ဆေးခန်းကြော်ငြာကြီးတွေနဲ့ မစားရ၀ခမန်း အလိမ်အညာ ရေးသားချက်တွေကို အပတ်တိုင်း တွေ့နေရပါတယ်။ ကြော်ငြာအား ကောင်းကောင်းနဲ့ ဆက်တိုက်ဖိထားလေတော့ စောစောက မီဒီယာလေးတွေမှာရေးခဲ့တဲ့ အဲဒီ မသမာဆေးခန်းတွေအကြောင်းက စာဖတ်ပရိသတ်များများ မဖတ်မိလိုက်ဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်ကုန် ပါလေရော။
    ကျွန်တော်က ကိုယ်တိုင်ကျန်းမာရေးမကောင်းလို့ ဆေးဝါးကုသ ခံယူနေရသူဖြစ်လို့ ရောဂါဝေဒနာရှင်များကို ကိုယ်ချင်းစာနာမိပါတယ်။ မိမိမှာ စွဲကပ်နေတဲ့ ရောဂါကို အမြန်ပျောက်ကင်းချမ်းသာလိုတယ်။ ဖြစ်နိုင်ရင် ဥုံဖွမန်းမှုတ်လိုက်ရုံနဲ့ ပျောက်တယ်ဆိုရင်လည်း မန်းမှုတ်ခံလိုက်ချင်တာပဲ။ ဘယ်က ဆရာကတော့ ဆေးတောင်ဝှေးနဲ့တို့လိုက်ရုံနဲ့ ပျောက်ကရောဆိုလည်း ပျောက်ချင်ဇောနဲ့ ပြေးသွားချင်တာပဲ။

လူနာကို စကားပြန်နဲ့ပြောရတယ်
    သည်လိုအချိန်မျိုးမှာ နိုင်ငံရေးပွင့်လင်းလာချိန် အသွင်ကူးပြောင်းရေး ကာလကို အခွင့်ကောင်းယူပြီး သည်ဆေးခန်းတွေ သည်လူတွေ ပေါ်လာတာ ဖြစ်ပါတယ်။ သူတို့ဟာ လူဝါမျိုး နိုင်ငံခြားသားတွေဖြစ်ပြီး လူနာတွေကို စကားပြန်နဲ့ ပြောရပါသတဲ့။ ရောဂါမပျောက်ရင် ဆေးဖိုးဝါးခတွေအားလုံး ပြန်လျော်မယ်လို့ ကြော်ငြာမှာ လိမ်ညာကြော်ညာထားပေမယ့် ဘာမှ ထပ်မံ ပြောဆိုခွင့်မရကြပါဘူး။ ဆေးပေးခနဲ့ ဆေးဖိုးက မြန်မာငွေ သိန်းချီပြီး ယူပါတယ်။ မီဒီယာတချို့က တာဝန်သိသိနဲ့ အဲဒီမသမာဆေးခန်းတွေ အကြောင်း၊ စကားပြန်နဲ့ ပြောရတဲ့ ဆေးဆရာဆိုသူတွေအကြောင်းကို ရေးခဲ့ကြတာ ကြာပါပြီ။  သို့ပေမယ့် ဘာတစ်ခုမှ စစ်ဆေး အရေးယူမှုပြုလုပ် တယ်ဆိုတာ မကြားမသိရပါဘူး။ တရားဥပဒေစိုးမိုးရေးလက်တံက အဲဒီ ဆေးခန်းတွေဆီ မရောက်ဘူးထင်ပါ့ဗျာ။

ဒေါက်တာမြသိန်းဟန်နှင့်တွေ့ဆုံခန်း
    ခုတော့ တာဝန်သိမီဒီယာတစ်ခုဖြစ်တဲ့ မော်ဒန်ဂျာနယ် (၁၇ မေ ၂၀၁၃)မှာ သတင်းထောက် ဟေမာန်ညီညီရဲ့]]အမြစ်ပြတ်ကုသည်ဆိုတိုင်း ယုံသင့်သလား၊ ရင်ခေါင်းနှင့် အထွေထွေ ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ မြသိန်းဟန်နှင့် တွေ့ဆုံခြင်း}}ဆိုတဲ့ မျက်နှာပြည့် အင်တာဗျူး ဆောင်းပါးဖတ်လိုက်ရလို့ မော်ဒန်ကို အထူးကျေးဇူးတင်လျက်  ကျွန်တော့် ပြည်သူ့ခေတ်ကော်လံကပါ စာဖတ်ပရိသတ် မြန်မာ တိုင်းရင်းသားပြည်သူများထံ ထပ်ဆင့် နှိုးဆော်လိုက်ပါရစေ။
    သည်ကိစ္စဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ သတိပေးနှိုးဆော်မှုဟာ မီဒီယာကြီးတချို့မှာ မျက်နှာပြည့် မျက်နှာဝက် ကြော်ငြာကြီးတွေနဲ့ ဖိထားတဲ့အောက်မှာ ]သက်ငယ်ချောင်းနဲ့ ခေါင်းလောင်း ထိုး}ရသလိုများ ဖြစ်သွားလေမလားလို့ အားငယ်မိပါတယ်။
    သို့ပေမယ့် ပြည်သူ့ခေတ်ဂျာနယ်ဖတ်တဲ့ ပရိသတ်၊ ကျွန်တော့် ပင်တိုင်ဆောင်းပါး ပုံမှန်ဖတ်တဲ့ ပရိသတ်များကို ရွှေပေလွှာဆရာတွေလိုပဲ  ပန်ကြားလိုတာက သည်ဆောင်းပါးဖတ်ပြီးတဲ့အခါ စကားစပ်မိသမျှ မိတ်ဆွေ သင်္ဂဟများကို လက်ဆင့်ကမ်း သတင်းပေးကြဖို့ ဖြစ်ပါတယ်။

စီးပွားရေးတင်မကဘူးထင်မိတယ်    
    ဒါဟာ မသမာစီးပွားရေးသမားတချို့ရဲ့ လုပ်ရပ်သာ ဖြစ်နိုင်ပါတယ်၊ သိပ်လည်း အတွေးမခေါင်ပါနဲ့လို့ ပြောချင်လည်း ပြောကြပါတော့။ ကျွန်တော်ကတော့ သည်လောက် ငွေကြေးရော၊ သြဇာအာဏာရော ပုံအောပြီး မြန်မာတိုင်းရင်းသားပြည်သူတွေရဲ့ ပြည်သူ့ကျန်းမာရေးကို ဘက်စုံ ထိခိုက်အောင်၊ လမ်းလွဲရောက်အောင် ထိထိရောက်ရောက် လုပ်လာနေ တာဟာ စီးပွားရေးရည်မှန်းချက်လောက် မကဘူးလို့ ထင်တယ်ဗျ။ အနောက်နိုင်ငံတွေကို စားသောက်ကုန်တွေပို့ရင် စည်းမဲ့ကမ်းမဲ့မလုပ်ရဲပေမယ့် နယ်စပ်ကနေ မြန်မာနိုင်ငံကို ပို့တဲ့စားသောက်ကုန်တွေကျတော့ တမြေ့မြေ့ သေစေနိုင်တဲ့ အဆိပ်အတောက်ပါတာတွေကို ဈေးပေါပေါနဲ့ ပို့တတ်တဲ့ ရာဇ၀င်ရှိသူ သည်လူတွေကို သတိထားနိုင်မှ တန်ကာကျမယ်လို့ ကျွန်တော်က အလေးအနက်သတိပေးချင်တယ်ဗျာ။
    ကိုင်း... ဆရာကြီး ဒေါက်တာ မြသိန်းဟန်က မော်ဒန်ဂျာနယ်ကို သူ့ကိုယ်တွေ့ ပြန်ပြောတာတွေထဲက သိသင့်တာလေးတွေ ထပ်ဆင့်ဝေမျှ ပေးလိုက်ပါတယ်။

သုံးတဲ့စက်တွေကြည့်ခွင့်မပေး
    ]]ဆရာ့အနေနဲ့ လိပ်ခေါင်းရောဂါ၊ ရင်သား ခွဲစိတ်ကုသတာတွေ လုပ်တဲံအတွက် သူတို့ရဲ့ ကုသနည်းတွေ ကောင်းရင် လူနာတွေကို လွှဲပေးချင်တဲ့ ဆန္ဒရှိလို့ ဆရာကိုယ်တိုင် သွားလေ့လာတယ်။ ဆေးခန်းတစ်ခုကို ဆရာသွားပြီး ကျွန်တော်က ဆရာဝန်ပါ၊ ကုသတာကောင်းရင် လူနာတွေကို ပို့ချင်လို့ ဆေးကုသတာ ကြည့်ချင်တဲ့အကြောင်း၊ သုံးတဲ့စက်တွေကို ကြည့်ချင်တဲ့အကြောင်း ပြောတယ်။ သူတို့က ကြည့်ခွင့်မပေးဘူး၊ ပွင့်လင်းမြင်သာမှုမရှိဘူး၊}}

ဘယ်လိုနည်းနဲ့ ဆေးခန်းလိုင်စင်ရနေသလဲမသိ
    မေး။ အဲသည်ဆေးခန်းတွေက ဆေးခန်းဖွင့်ခွင့်လိုင်စင် ရှိလားဆရာ။
    ဖြေ။ ဆေးခန်းဖွင့်ခွင့်လိုင်စင် ရှိမရှိကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊အလိုက် ဆေးရုံ ဆေးခန်း ကြီးကြပ်ရေးကော်မတီကနေ သွားစစ်ဆေး တယ်။ တချို့ဆေးခန်းတွေမှာ ဆေးခန်းဖွင့်ခွင့်လိုင်စင်မရှိဘူး။ လိုင်စင်ရမှ ဖွင့်ဖို့ ပြောပြီး ခဏပိတ်ထားခိုင်းလိုက်တယ်။ အဲသည်လို ပိတ်ထားခိုင်းချိန်မှာပဲ အလားတူ ဆေးခန်း သုံးလေးခု ပေါ်လာတယ်။ လိုင်စင်ရနေတယ်။ သူတို့ ဘယ်လိုနည်းနဲ့ရလဲ မသိဘူး။ လိုင်စင်နဲ့ဖွင့်နေတာတွေကော လိုင်စင်မရှိဘဲ ဖွင့်နေတာတွေပါ တွေ့နေရတယ်။

ဆေးကောင်စီကိုလည်း မလာဘူး
    ]]ဆေးကောင်စီက အနောက်တိုင်းဆေးပညာအတွက် လိုင်စင် ထုတ်ပေးတာ။ အခုဟာက ဆရာတို့နဲ့ ပတ်သက်တဲ့ ဆေးပညာ မဟုတ်ဘူး။ အနောက်တိုင်းရော တိုင်းရင်းဆေးရော အားလုံးပေါင်းပြီး မဆီမဆိုင် စာလုံးတွေနဲ့ ရေးပြီး ကြောငြာထားတာ။ ဆရာတို့လို ဆေးပညာရှင်တွေ နားမလည်နိုင်အောင် ရေးထားတာ။ နိုင်ငံခြားသားဆရာဝန်က အနောက်တိုင်း ဆေးပညာနဲ့ မြန်မာနိုင်ငံမှာ ကုချင်ရင် ဆေးကောင်စီကို လျှောက်ထားရတယ်။ ဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် ပေးသင့်မပေးသင့် စဉ်းစားတယ်။  _ _ _ အခုဆေးခန်းတွေက ဆရာတို့ ဆေးကောင်စီကိုလဲ မလာဘူး။}}

မီဒီယာကကြော်ငြာတွေ
    ]]သည်လိုဆေးခန်းတွေရှိနေတာကို မီဒီယာတွေကတစ်ဆင့် ပြည်သူတွေ သိရတာ များတယ်။ မီဒီယာတွေကို သည်လို ကြော်ငြာတွေ မထည့်ပါနဲ့ လို့ မပြောလိုပါဘူး။ ဒါပေမယ့် အထောက်အထား ခွင့်ပြုချက် ယူပြီးမှ လုပ်ရင် ပိုပြီး ပြည်သူကို ကာကွယ်ပေးရာရောက်မယ်။ ပြောင်းလဲလာတဲ့ အခုလိုအချိန်မှာ ပြည်သူကို ကူညီပံ့ပိုးရမယ့်အစား စီးပွားရေးသမားတွေကို အားပေးသလို ဖြစ်နေတာမျိုး မဖြစ်စေချင်ပါဘူး}}
    ဆရာကြီးဒေါက်တာ မြသိန်းဟန်က တာဝန်သိ ဆရာဝန်ကြီး တစ်ယောက်အနေနဲ့ရော၊ တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ရော လုပ်သင့်လုပ်ထိုက်တာတွေလုပ်ခဲ့တယ်ဆိုတာ မော်ဒန်ဂျာနယ်ရဲ့ အင်တာဗျူးမှာ အထင်အရှားတွေ့ရပါတယ်။ အဲဒီ နိုင်ငံခြားသားဆရာဆိုသူတွေ စကားပြန်နဲ့ ရမ်းကုလုပ်နေတဲ့ ဆေးခန်းတွေမှာ ငွေသိန်းနဲ့ချီပေးခဲ့ရပြီး ဘာရောဂါမှ မပျောက်သူ လူနာတွေက ဆရာကြီးဆီလာရောက်တိုင်ပင်တဲ့အခါ သိရတာတွေကိုလည်း ပြောပြထားပါတယ်။
    ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ သည်မသမာသူတွေရဲ့ လုပ်ရပ်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ၊ ဥပဒေပိုင်းဆိုင်ရာတွေက အဂတိတရားကင်းကင်းနဲ့ တားမြစ်အရေးယူဖို့လိုသလို ပြည်သူတွေအပိုင်း ကလည်း သူတို့ ကြော်ငြာကောင်းတိုင်း မယုံကြပါနဲ့၊ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြပါ၊ တတ်သိနားလည်တဲ့ မြန်မာဆရာဝန်ကြီးများနှင့်တိုင်ပင်ပြီးမှ  ကျန်းမာရေးဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ချင်ပါကြောင်း။

၁၉ ၀၅ ၂၀၁၃
maungwuntha@gmail.com